ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂျိုကိုးလ်က သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဟာ လာမယ့် နွေဈေးကွက်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်ကို ခေါ်ယူဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် ခရိုအေးရှား အသင်းခေါင်းဆောင် လူကာ မိုဒရစ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်အတွက် ပြိုင်ပွဲစုံမှာ ၃၃ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပါတယ်။

Photo Credit: Standard

လူကာ မိုဒရစ်က အခုချိန်အထိ ထိပ်တန်းအဆင့်မှာ ရှိနေဆဲ ဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ အသက်အရွယ်ကြောင့် မိုဒရစ်ကို အသင်းရဲ့ အနာဂတ် အစီအစဉ်တွေထဲမှာ ထည့်သွင်းထားခြင်း မရှိသလို မိုဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ လက်ရှိစာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ၃လကျော်သာ လိုတော့ပေမယ့် ရီးရဲလ်မက်ဒရစ်က မိုဒရစ်ကို စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိတာကြောင့် မိုဒရစ်ဟာ လာမယ့် နွေဈေးကွက်မှာ အခြားအသင်း တသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့နိုင်ချေ ရှိနေပြီး ဂျိုကိုးလ်ကတော့ လူငယ် ကစားသမား အများအပြားနဲ့ တည်ဆောက်ထားတဲ့ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဟာ မိုဒရစ်ကို ခေါ်ယူသင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: Euro Sports

ဂျိုကိုးလ်က – “ကျွန်တော်ကတော့ ချယ်လ်ဆီးက အသင်းကို ဦးဆောင်နိုင်မယ့် အတွေ့အကြုံရင့် ကစားသမားတွေ လိုအပ်နေတယ်လို့ မြင်ပါတယ်။ ကျွန်တော်က ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မိုဒရစ်ဟာ ချယ်လ်ဆီးနဲ့ လိုက်ဖက်တယ်လို့ ထင်ပါတယ်။ သူက ပရီးမီးယားလိဂ်ဆီ ပြန်လာပြီး ၁ရာသီလောက် ကစားဦးမလား ဆိုတာ မပြောတတ်ပါဘူး။ ဒါပေမယ့် မိုဒရစ်က အခုချိန်အထိ ရီးရဲလ်မက်ဒရစ်မှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ဆဲပါပဲ။ သူက ကာမာဗင်ဂါ ၊ ချူအာမီနီ ၊ ဗယ်ဗာဒီ စတဲ့ ကစားသမားတွေကိုလည်း အများကြီး ကူညီပေးထားနိုင်ပါတယ်။ သူက ဝါရင့် ကစားသမား တယောက်အနေနဲ့ လူငယ်တွေ အပေါ် အများကြီး လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

ချယ်လ်ဆီးက လူငယ် ကစားသမားတွေနဲ့ တည်ဆောက်ထားတဲ့ အသင်းမျိုး ဖြစ်တာကြောင့် မိုဒရစ်လို ဝါရင့် ကွင်းလယ်လူ တဦးကို ခေါ်ယူသင့်ပေမယ့် မိုဒရစ်က ချယ်လ်ဆီးရဲ့ မြို့ခံပြိုင်ဘက် စပါးရဲ့ ကစားသမားဟောင်း ဖြစ်တာကြောင့် ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။