MySport Myanmar

(၅)ဂိုး (၆)ဂိုးလောက်အထိ သွင်းယူနိုင်ခဲ့သင့်တာလို့ ဖွင့်ဟလာခဲ့တဲ့ ကိုး ပါလ်မာ

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားလေး ကိုး ပါလ်မာက ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ သူတစ်ဦးတည်း သွင်းဂိုး (၄)ဂိုးလုံးကို သွင်းယူနိုင်ခဲ့သည့်တိုင် တကယ်တမ်းတော့ သူ့အနေနဲ့ အဲ့ဒီပွဲမှာ သွင်းဂိုး (၅)ဂိုး (၆)ဂိုးလောက်အထိ သွင်းယူနိုင်ခဲ့သင့်တာလို့ မချိတင်ကဲ ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် မန်ချက်စတာမြို့သားလေး ပါလ်မာဟာ မနှစ်ကမှ မန်စီးတီးကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးဆီ စတင် ရောက်ရှိလာချိန်ကနေ အခုထိ တောက်လျှောက် ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက တစ်ဦးချင်း ဆုတံဆိပ်တွေကို သိမ်းပိုက်ရယူပြထားနိုင်တဲ့ ပါလ်မာဟာ ဒီရာသီမှာလည်း ချယ်လ်ဆီးအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဆက်လက် ပြသနေပြီး ဘရိုက်တန်ကို (4-2) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း သူတစ်ယောက်တည်း သွင်းဂိုး (၄)ဂိုးလုံးကို ပထမပိုင်း ပွဲချိန်အတွင်းမှာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပထမပိုင်းမှာပဲ သွင်းဂိုး (၄)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်သစ်တစ်ခုကို ရေးထိုးလိုက်နိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း ပါလ်မာကတော့ ဒီပွဲမှာ ဂိုးတွေကို ဒီထက်မက ပိုမို သွင်းယူနိုင်ခဲ့သင့်တယ်လို့ ဆိုလာခဲ့ပါတယ်။

Photo Credit : beIN SPORTS

“ကျွန်တော် (၅)ဂိုး (၆)ဂိုးလောက်အထိကို သွင်းယူနိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ရဲ့ ပထမဆုံးအကြိမ် အခွင့်အရေးကို လွဲချော်ခဲ့ရချိန်မှာ စိတ်ပျက်သွားခဲ့ရပေမယ့် သူတို့အသင်းရဲ့ ကစားတဲ့ ပုံစံနဲ့ high line defense ကစားပုံကြောင့်ပဲ အခွင့်အရေးတွေ ပိုပြီး ရလာခဲ့တယ်လို့ ခံစားမိပါတယ်။” လို့ ပါလ်မာက ပြောဆိုသွားခဲ့ပါတယ်။

ပါလ်မာအနေနဲ့ ဒီ သွင်းဂိုး(၄)ဂိုးကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၆)ပွဲကစားအပြီး သူရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးအရေအတွက်က (၆)ဂိုးအထိ ရှိလာခဲ့သလို (၁၀)ဂိုးသွင်းထားတဲ့ အာလင်း ဟာလန်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Exit mobile version