ပရီးမီးယားလိဂ် အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျိုကိုးလ် ကတော့ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ဂျော်ဂျင်ဟိုနဲ့ ကန်တီတို့မှာ ကန်တီကသာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုနဲ့ ကန်တီတို့ နှစ်ဦးစလုံးဟာ ယမန်နှစ်မှာ ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ် အောင်ပွဲမှာ အဓိကကျခဲ့တဲ့ ကွင်းလယ်လူတွေ ဖြစ်ပြီး အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ယူရိုဖလားကိုပါ ရရှိခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦးစာရင်းထဲ ဝင်ခဲ့တဲ့ အထိ အောင်မြင်မှုတွေ ရခဲ့ပါတယ်။

Photo Credit: Daily Mail

ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဆုဖလား ရရှိခဲ့သလို အီတလီအသင်းနဲ့လည်း ယူရိုဖလားကို ရရှိခဲ့တာကြောင့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်တဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ အထိ ရေပန်းစားခဲ့ပေမယ့် အာဂျင်တီးနား ကြယ်ပွင့် မက်ဆီကသာ ရွှေဘောလုံးဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဂျော်ဂျင်ဟိုက ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ကြောင်း သုံးသပ်သူတွေ ရှိလာပြီး ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဂျိုကိုးလ် ကတော့ အဆိုပါ သုံးသပ်မှုတွေကို လက်မခံပဲ ဂျော်ဂျင်ဟိုထက် ကန်တီကသာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ဂျိုကိုးလ်က – “ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေထဲက ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား တယောက်ကို ပြောပြပါဆိုရင် ကျွန်တော် ကတော့ ကန်တီကိုပဲ ရွေးချယ်သွားမှာပါ။ သူက ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ ကစားသမား တယောက် ဖြစ်ပေမယ့် လူတိုင်းက သူ့ကို မေ့လျော့နေကြပါတယ်။ ကျွန်တော်က ကန်တီကို အပတ်တိုင်း ၊ အပတ်တိုင်း အနီးကပ် စောင့်ကြည့်ခဲ့ပြီး သူ့ရဲ့ အသင်းအပေါ် လွှမ်းမိုးနိုင်စွမ်းက အတော်လေး ကြီးမားပါတယ်။ ဒဏ်ရာကြောင့် သူ ပါဝင် မကစားနိုင်တဲ့ ပွဲတွေမှာဆိုရင် ချယ်လ်ဆီးအသင်းက သူ့ကို အမြဲတမ်း လွမ်းဆွတ်ရလေ့ ရှိပါတယ်။ သူ ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ သူက အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက် ဖြစ်နေလေ့ ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။