ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတဦး ဖြစ်သူ ဂျိုကိုးလ် ကတော့ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ အင်တာမီလန် အသင်းရဲ့ တိုက်စစ်မှူး လူကာကူကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ချယ်လ်ဆီးအသင်းမှာ ၃နှစ်ကြာ ကစားဖူးသူ တဦး ဖြစ်ပြီး ချယ်လ်ဆီးအသင်း ကနေ ရောင်းထုတ်လိုက်ပြီးနောက် ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်လာကာ လက်ရှိအချိန်မှာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၃ဦး စာရင်းဝင် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Goal

လူကာကူဟာ ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အသင်း အနေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆုကို ပြန်လည် ရရှိအောင် အဓိက ကူညီပေးခဲ့သူ ဖြစ်ပြီး အင်တာမီလန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၃၀ဂိုး သွင်းပေးခဲ့ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ လူကာကူရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းလည်း ပါဝင်နေပါတယ်။ ဂျိုကိုးလ်ကတော့ လူကာကူဟာ ချယ်လ်ဆီးအသင်း လိုအပ်နေတဲ့ တိုက်စစ်မှူးကောင်း ဖြစ်ကြောင်း ယုံကြည်နေပြီး ချယ်လ်ဆီးအသင်း အနေနဲ့ လူကာကူကို ခေါ်ယူသင့်ကြောင်းကို အခုလိုပဲ တိုက်တွန်းသွားခဲ့ပါတယ်။

Photo Credit: Goal

ဂျိုကိုးလ်က – “ကျွန်တော်ကတော့ တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းက လိုအပ်နေတဲ့ အရည်အသွေးမြင့် ကစားသမားတဦးလို့ ထင်ပါတယ်။ ဒါပေမယ့် အကယ်၍ လူကာကူကိုသာ သင့်တော်တဲ့ ဈေးနှုန်းတရပ်နဲ့ ခေါ်ယူခွင့် ရှိလာရင်တော့ ချယ်လ်ဆီးအသင်း အနေနဲ့ သူ့ကို ခေါ်ယူသင့်ပါတယ်။ သူက ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းတိုင်းက အင်အားဖြည့်တင်းမှုတွေ ပြုလုပ်မှာပါ။ ဒါကြောင့်ပဲ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အတွက် ခင်ဗျားရဲ့ အသင်းမှာ ရွေးချယ်စရာ ကစားသမားတွေ များပြားဖို့ လိုအပ်သလို ၊ ကစားပုံ မတူညီတဲ့ ကစားသမားတွေ စုဖွဲ့ထားဖို့လည်း လိုအပ်ပါတယ်” ဆိုပြီး တိုက်တွန်းစကား ပြောကြားသွားတာလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်း အနေနဲ့ လူကာကူကို ခေါ်ယူချင်ရင်တော့ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းခန့် အသုံးပြုရနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လူကာကူကို ခေါ်ယူသင့်တယ် လို့ ထင်ကြလားဗျ…။