ချန်ပီယံရှစ်ကလပ် လက်စတာ စီးတီးရဲ့ ဗဟိုနောက်ခံလူ ဖြစ်သလို အင်္ဂလန် လက်ရွေးစင်လည်း ဖြစ်ခဲ့ဖူးတဲ့ ကိုဒီက လတ်တလောမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံနေရတဲ့ အင်္ဂလန် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားဟာ အင်္ဂလန်အတွက် အရေးပါတဲ့ နောက်ခံလူ တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဗဟိုနောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရပေမယ့် အင်္ဂလန်အသင်းမှာတော့ အမြဲတမ်း ပါဝင် ကစားခွင့် ရနေသလို အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း မက်ဂွိုင်းယားကို ပွဲတိုင်းနီးပါး ထည့်သွင်း ကစားနေပါတယ်။

Photo Credit: 90 Mins

မက်ဂွိုင်းယားဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ၂၃မိနစ်သာ ကစားခွင့် ရထားတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ အများစုနဲ့ အင်္ဂလန်ရဲ့ ပရိသတ်တွေက မက်ဂွိုင်းယားကို တောက်လျှောက် ပွဲထွက်ခွင့် ပေးနေတဲ့ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကို ဝေဖန်မှုတွေ လုပ်နေကြပါတယ်။

အင်္ဂလန်ပရိသတ်တွေက မန်ချက်စတာ ယူနိုက်တက်မှာ ကစားခွင့် မရပေမယ့် အင်္ဂလန်အသင်းမှာ တောက်လျှောက် ပါဝင် ကစားခွင့် ရနေတဲ့ မက်ဂွိုင်းယားကို “ဆောက်ဂိတ်ရဲ့ မွေးစားသား” လို့ နာမည်ပေးကာ ဝေဖန်နေကြသလို ဆောက်ဂိတ်ကိုလည်း “မျက်နှာလိုက်တတ်သူ” လို့ စွပ်စွဲနေကြပါတယ်။

Photo Credit: Standard

ဆောက်ဂိတ်ရဲ့ လက်အောက်မှာ အင်္ဂလန် လက်ရွေးစင် ဖြစ်ခဲ့သလို မက်ဂွိုင်းယားနဲ့လည်း သိကျွမ်းတဲ့ ကော်နာ ကိုဒီကတော့ သူဟာ ဆောက်ဂိတ်က ဘာကြောင့် မက်ဂွိုင်းယားကို အင်္ဂလန်အတွက် အမြဲတမ်း ရွေးနေရလဲ ဆိုတဲ့ အကြောင်းပြချက်ကို သိထားပြီး မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်းမှာ အရေးပါတဲ့ ခံစစ်မှူး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ကိုဒီက – “ခင်ဗျားတို့က မက်ဂွိုင်းယားဟာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားခွင့် မရလို့ သူ့ကို မရွေးသင့်ဘူး ဘာညာ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားတို့က အင်္ဂလန်ပွဲတွေကို သေချာ ကြည့်လိုက်မယ် ဆိုရင် မက်ဂွိုင်းယားဟာ အင်္ဂလန်အတွက် အရမ်း အရေးပါတဲ့ ကစားသမား ဆိုတာ သိသွားပါလိမ့်မယ်။ သူက အရှိန်အဝါ ကြီးတယ်။ ပြီးတော့ အင်္ဂလန်ရဲ့ ကစားပုံကို ကောင်းကောင်း နားလည်တယ်။ နည်းပြချုပ် ၊ လက်ထောက်နည်းပြတွေနဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိတယ်။ အရိုးသားဆုံး ပြောရရင် ကျွန်တော်က မက်ဂွိုင်းယားနဲ့ အင်္ဂလန်အသင်းမှာ တွဲဖက် ကစားတိုင်း သူ့ဆီကနေ စွမ်းဆောင်ရည်ကောင်းတွေကို အမြဲတမ်း မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ သူက အသစ် ရောက်လာတဲ့ လူငယ် ကစားသမားတွေ အတွက် ထောက်တိုင်ကြီး တခုလိုပါပဲ။ သူက လူငယ် ကစားသမားတွေကို အမြဲတမ်း ကူညီပေးတတ်ပါတယ်” လို့ ပြောကြားရင်း မက်ဂွိုင်းယားကို ကာကွယ်ပေးသွားခဲ့တာပါ။