မနေ့ညက ဆန်တီယာဂိုဘာနေဗျူးကွင်းအတွင်းမှာ ယှဉ်ပြိုင်ခဲာ့ကတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းရဲ့ အယ်လ်ကလက်စီကိုဒါဘီပွဲစဉ်မှာ အိမ်ရှင်ရီးယဲလ်အသင်းက ဘန်ဇီမာ ဗယ်လ်ဗာဒီ ရိုဒရီဂိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ခါးသီးပြိုင်ဘက် ဘာစီလိုနာကို အနိုင်ယူခဲ့ပြီး (၃)မှတ်ပါ ဖြတ်တောက်လိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Sporting News

ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ဟာ ဒီနှစ်ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ လုံးဝကို ရှုံးပွဲမရှိသေးသလို နှစ်သင်းလုံးကလည်း ရမှတ်တူ အနေအထားနဲ့ အမှတ်ပေးဇယားထိပ်မှာ ပူးတွဲ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ထိပ်တိုက် တွေ့ဆုံနေတာဖြစ်လို့ နှစ်သင်းကြားက ပြိုင်ဆိုင်မှုက ပြင်းထန်ခဲ့ရပြီး ပွဲအပြီးမှာတော့ အိမ်ရှင်ရီးယဲလ်က (၃)ဂိုး (၁)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့ကာ ပြီးခဲ့တဲ့နှစ် အိမ်ကွင်းဂိုးပြတ်ရှုံးပွဲကိုပါ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ပါတယ်။

Photo Credit : SportsMax

ဒီရှုံးပွဲနဲ့ ပတ်သတ်ပြီး ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်က “ချန်ပီယံဆုဖလားကို ရယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်ကို ပြောင်းလဲရပါမယ်။ ကျွန်တော် ကစားသမားတွေ ပစ်မှတ်ထားပြီး အပြစ်မတင်လိုပါဘူး။ ကျွန်တော့်မှာသာ တာဝန်အရှိဆုံးပါ။ ကျွန်တော်တို့ရဲ့ ပရောဂျက်တစ်ခုကို စလုပ်နေတာပါ။ ကျွန်တော်တို့က တည်ဆောက်နေဆဲ အသင်းတစ်သင်းပါ” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ ရာသီအစမှာ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းပါ ကောင်းမွန်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၄)ပွဲ ကစားထားပြီးနောက် ပယ်လ်ဇန်ကိုသာ အနိုင်ရထားပြီး ကျန်(၃)ပွဲမှာ (၂)ပွဲရှုံး (၁)ပွဲသရေ ဖြစ်ထားရသလို အင်တာမီလန်ကိုလည်း Head-to-Head ရလဒ်မှာပါ အရေးနိမ့်ထားရတာဖြစ်လို့ နောက်တစ်ဆင့် တတ်လှမ်းဖို့ ခက်ခဲသွားခဲ့ရပါတယ်။ လက်ရှိမှာတော့ လာလီဂါမှာပါ ရှုံးပွဲ စတင် ကြုံတွေ့သွားခဲ့ရတဲ့ ဘာစီလိုနာအနေနဲ့ ဒီလအတွင်းမှာ ဗီလာရီးယဲလ် ဘီလ်ဘာအို ဘိုင်ယန်မြူးနစ် ဗလင်စီယာတို့နဲ့ ဆက်တိုက် ကစားသွားရဦးမှာဖြစ်ပြီး ဒီပွဲတွေအားလုံးက သူတို့အသင်းအတွက် အရေးပါလွန်းနေပါတယ်။