ဒီနေ့ ကြာသပတေးနေ့ညမှာတော့ နောက်ထပ် ဥရောပဘောလုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ပွဲများကို စတင်ယှဉ်ပြိုင်ကစားစေခဲ့ပြီး ည၁၂နာရီ၂၅မိနစ်အချိန် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘယ်ဂျီယံနာမည်ကျော်ကလပ် ကလပ်ဘရုဂျ်အသင်းနဲ့ ယူရိုပါလိဂ်ရဲ့ချန်ပီယံဟောင်း မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Images

၄-၁-၄-၁ ကစားကွက်ကို သုံးစွဲလာခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့လူစာရင်းမှာ ဒီဂီယာ ဘစ်ဆာခါ ဖရက်ဒ် ဒင်နီရယ်ဂျိမ်းစ် ဘရူနိုဖာနန်ဒက်စ်တို့ ပါဝင်လာခြင်းမရှိပဲ မာစီယဲလ် ပါရဲရား မာတာ လင်ဂတ် ဒါလော့ မက်ဂွိုင်းယား ဝီလီယံစ် လုခ်ရှော လင်ဒီလော့ ရိုမဲလ်ရိုးတို့နဲ့သာ ပွဲထွက်လာခဲ့ပါတယ်။ လီဗာပူးလ်ဂို်းသမားဟောင်း မက်ဂနိုလက် ဦးဆောင်ပါဝင်လာတဲ့ ကလပ်ဘရုဂျ်အသင်းကတော့ အိမ်ကွင်းမာကျောတဲ့ အသင်းပီပီ ယူနိုက်တက်အသင်းကို အခက်တွေ့အောင် ကစားနိုင်ခဲ့ကာ စောစောစီးစီးမှာပဲ တိုက်စစ်မှူးဒန်းနစ်က အိမ်ရှင်အတွက် သွင်းဂိုးစတင်ရယူသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ မက်ဂနိုလက် ကန်တင်ပေးလိုက်တာကနေ ဒန်းနစ်က ယူနိုက်တက်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး အရမ်းရှေ့တတ်နေတဲ့ ရိုမဲလ်ရိုးကို ကျော်ဖြတ်ပြီး ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်ဆောင်နိုင်ခဲ့ပဲ ကလပ်ဘရုဂျ်ရဲ့ဖိအားပေးမှုတွေကိုပါ မနည်းဟန့်တားနေရင်းကနေ ၃၆မိနစ်မှာတော့ ကလပ်ဘရုဂျ်ဘက်ကနေ အမှားကျူးလွန်မိရာကနေ အခွင့်အရေးရသွားခဲ့တဲ့ မာစီယဲလ်က ချေပဂိုးပြန်သွင်းယူခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ မာစီယဲလ်ရဲ့ ညာခြမ်းကနေ ကန်သွင်းချက် ဂိုးတိုင်ထိထွက်ခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပွဲကစားချိန် အစောပိုင်းတွေမှာ အဝေးဂိုးပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်အသင်းရဲ့ထိန်းထိန်းသိမ်းသိမ်း ကစားနေဟန်နဲ့ ကစားအားကျလာတဲ့ အိမ်ရှင်အသင်းရဲ့ကစားပုံတို့ကြောင့် လေးပင်သွားခဲ့ရပြီး အခွင့်အရေးတွေလည်း နည်းပါးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်ဘက်ကနေ အီဂါလို ဖရက်ဒ်နဲ့ ဘရူနိုဖာနန်ဒက်ဇ်ကို ထည့်သွင်းလာခဲ့ရာ တိုက်စစ်ကစားပုံ ပိုမိုမြိုင်ဆိုင်လာခဲ့ပြီး တိုက်စစ်ဆင်မှုတွေ ခပ်စိတ်စိတ်လေး လုပ်ဆောင်လာနိုင်ခဲ့ပေမယ့် သွင်းဂိုးတော့မရခဲ့ပဲ သရေပွဲနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။