ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြင်သစ် လီဂူးဝမ်းကလပ် လန်းစ်ကနေ မာဆေးလ်ဆီသာ ပြောင်းရွှေ့သွားခဲ့တဲ့ ပြင်သစ်ခံစစ်မှူး ကလော့စ်က သူဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ချယ်လ်ဆီးဆီ ပြောင်းဖို့ ငြင်းဆန်ခဲ့တာဟာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မလွယ်ကူတာကြောင့် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ညာနောက်ခံလူ ကလော့စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လန်းစ်နဲ့အတူ သူ့ဘဝရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့ပြီး လန်းစ်အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးနဲ့ မာဆေးလ်တို့က သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးက အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ကလော့စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ကလော့စ်ကတော့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ခဲ့ရင် ရစ်စီဂျိမ်းစ်ကို ကျော်ကာ နေရာရဖို့ မလွယ်ကူတာကြောင့် ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကလော့စ်က သူဟာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်းနဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မလွယ်ကူတာကြောင့်သာ ချယ်လ်ဆီးကို ငြင်းကာ မာဆေးလ်ဆီ ပြောင်းဖို့ လုပ်ခဲ့တာပါလို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: The Sun

ကလော့စ်က – “ကျွန်တော်က ချယ်လ်ဆီးမှာ ကစားခဲ့ဖူးတယ်ကွ ဆိုတဲ့ ဂုဏ်ပုဒ် တခုထဲ အတွက် ချယ်လ်ဆီးဆီ ပြောင်းမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ကျွန်တော်က အသင်းအတွက် အကောင်းဆုံး ကြိုးစားပေးနိုင်ဖို့ ပုံမှန် ပွဲထွက်ခွင့် လိုချင်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်ချင်ပါတယ်။ ဒါကြောင့် မာဆေးလ်က ကျွန်တော် လိုချင်နေတဲ့ အချက်တွေ အားလုံးနဲ့ ကိုက်ညီနေလို့ မာဆေးလ်ဆီ ပြောင်းခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပါ။

ကလော့စ်က ယခုနှစ် ဘောလုံးရာသီမှာ မာဆေးလ်အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။