ယနေ့မနက် အစောပိုင်းမှာတော့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်တဲ့ အသင်းတွေ ၊ အုပ်စုအဆင့် ကနေ ပြုတ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားခဲ့ရတဲ့ အသင်းတွေ ၊ ဥရောပပြိုင်ပွဲတွေကို လက်ပြနှုတ်ဆက်ခဲ့ရတဲ့ အသင်းတွေ စသဖြင့် အရာအားလုံး ကွဲကွဲပြားပြား ဖြစ်သွားခဲ့ပါတယ်။

 

Photo Credit: UEFA

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု(A)မှာ ဆိုရင် နာပိုလီနဲ့ လီဗာပူးတို့က ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ကြပြီး အေဂျက်ကတော့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားခဲ့ရပါတယ်။ အုပ်စု(B)မှာ ဆိုရင်လည်း ပေါ်တိုနဲ့ ကလပ်ဘရုဂေးတို့က ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ကြကာ လေဗာကူဆင်က ယူရိုပါလိဂ်ဆီ ဆင်းခဲ့ရပြီး နာမည်ကြီး အက်သလက်တီကို မက်ဒရစ်ကတော့ ဥရောပပြိုင်ပွဲတွေကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

အုပ်စု(C)မှာတော့ ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်တို့က နောက်တဆင့်ဆီ ရောက်ရှိခဲ့ကြပြီး စပိန် ထိပ်သီးကလပ် ဘာစီလိုနာကတော့ ယူရိုပါလိဂ်ဆီ ရောက်သွားခဲ့ပါတဘ်။ အုပ်စု(D)မှာ ဆိုရင် စပါးနဲ့ ဖရန့်ဖတ်တို့က ရှုံးထွက်အဆင့်ဆီ အသီးသီး တက်လှမ်းနိုင်ခဲ့ကြပြီး စပို့တင်း လစ္စဘွန်းက ယူရိုပါလိဂ်ဆီ ဆင်းသက်ခဲ့ရပါတယ်။

Photo Credit: Sports Max

အုပ်စု(E)မှာ ဆိုရင်လည်း ချယ်လ်ဆီးနဲ့ အေစီမီလန်တို့က ရှုံးထွက်အဆင့်ဆီ ရောက်ရှိခဲ့ကြပြီး နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းကောင်းလာတဲ့ ဆဲလ်ဘက်ကတော့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားခဲ့ရပါတယ်။ အုပ်စု(F)မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ လိုက်ပ်ဇစ်တို့က ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ကြပြီး ယူကရိန်း နာမည်ကြီးကလပ် ရှက်တာဒိုးနက်က ယူရိုပါလိဂ်ဆီ ရောက်သွားခဲ့ပါတယ်။

အုပ်စု(G)မှာ ဆိုရင် မန်ချက်စတာ စီးတီးနဲ့ ဒေါ့မွန်တို့က ရှုံးထွက်အဆင့်ဆီ တက်နိုင်ခဲ့ကြပြီး ယူရိုပါလိဂ်ဘုရင် ဆီဗီးလားက သူ့ရဲ့ အောင်မြေဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းသွားခဲ့ရပါတယ်။ အုပ်စု(H)မှာတော့ ဘင်ဖီကာက အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့ကို ကျော်ဖြတ်ကာ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ပီအက်စ်ဂျီက ဘင်ဖီကာနဲ့အတူ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ကာ အီတလီ ထိပ်သီးကလပ် ဂျူဗင်တပ်ကတော့ ယူရိုပါလိဂ်ဆီ ဆင်းသက်ခဲ့ရပါတယ်။

Photo Credit: Sports Max

ဒါကြောင့်ပဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ပြုတ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းခဲ့ရတဲ့ အသင်းတွေက အေဂျက် ၊ လေဗာကူဆင် ၊ ဘာစီလိုနာ ၊ စပို့တင်း လစ္စဘွန်း ၊ ဆဲလ်ဘက် ၊ ရှက်တာဒိုးနက် ၊ ဆီဗီးလား ၊ ဂျူဗင်တပ်တို့ ဖြစ်ကြပြီး အဆိုပါ အသင်းတွေ အနက် ဘာစီလိုနာ ၊ အေဂျက် ၊ ဂျူဗင်တပ် ၊ ဆီဗီးလားတို့က ယူရိုပါလိဂ် ချန်ပီယံဆုကို မျှော်မှန်းနိုင်စွမ်း ရှိကြသလို လေဗာကူဆင် ၊ စပို့တင်း လစ္စဘွန်း ၊ ဆဲလ်ဘက် ၊ ရှက်တာဒိုးနက်တို့ကလည်း လျှော့တွက်လို့ မရတဲ့ အသင်းတွေ ဖြစ်နေတာကြောင့် ယခုနှစ် ယူရိုပါလိဂ်ပြိုင်ပွဲဟာ အတော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်မှာ အသေအချာပါပဲ။