MySport Myanmar

ကိုပါပြိုင်ပွဲအပြီးမှာ အဲလ်ဗာရက်ဇ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားတော့မယ့် မန်စီးတီး

အမေရိကန်နိုင်ငံမှာ ကျင်းပနေဆဲဖြစ်တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကြီး ကျင်းပပြီးဆုံးသွားမယ့် အချိန်မှာ မန်ချက်စတာ စီးတီးအသင်းက အသင်းရဲ့ တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်နဲ့ ပတ်သက်ပြီး ကစားသမားရဲ့ အနာဂတ် အခြေအနေအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားတော့မယ်လို့ သိရှိရပါတယ်။

အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်ဟာ ၂၀၂၂ခုနှစ်မှာပဲ ရေးဗားပလိတ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးက အဲ့ဒီနွေမှာပဲ အဲလ်ဗာရက်ဇ်နဲ့အတူ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အာလင်း ဟာလန်းကိုပါ ဒေါ့မွန်ကနေ ခေါ်ယူခဲ့ပါသေးတယ်။

Photo Credit : The Sun

တကယ်တော့ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၃)ပွဲအထိတောင် ကစားပေးနိုင်ခဲ့ပေမယ့်လည်း ပွဲကြီးအများစုမှာတော့ ဟာလန်းကို ကျော်လွန်ပြီး ပွဲထွက်ကစားခွင့်တွေ ရရှိခဲ့ခြင်း မရှိတဲ့အပေါ် အဲလ်ဗာရက်ဇ်ဘက်က စိတ်ပျက်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အဲလ်ဗာရက်ဇ်အနေနဲ့ ပွဲထွက်ကစားခွင့်တွေ ပိုမို ရရှိဖို့လာအတွက် မန်စီးတီးကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်ဆိုတဲ့ ကောလဟာလ သတင်းတွေလည်း ဒီနွေဈေးကွက်အတွင်းမှာပဲ ထွက်ပေါ်လာခဲ့သလို အဲလ်ဗာရက်ဇ်နဲ့ မန်စီးတီးတို့ရဲ့ အခြေအနေတွေကို ချယ်လ်ဆီး ပီအက်စ်ဂျီ အသက်လက်တီကိုတို့ကပါ စောင့်ကြည့်လာခဲ့ကြပါတယ်။

Photo Credit : Transfermarket

အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းနဲ့လည်း ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိထားပေမယ့် ဒီရက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲလ်ဗာရက်ဇ်က ပွဲကစားခွင့်တွေ ပိုမို ရရှိဖို့အတွက် မန်စီးတီးအသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတယ်လို့ သတင်းတွေမှာ အမြိုင်အဆိုင် ဖော်ပြလာခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားဖြစ်သူ အဲလ်ဗာရက်ဇ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို အဲလ်ဗာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်တာမျိုးလည်း လုပ်ဆောင်ချင်လိုခြင်း မရှိတာကြောင့် ကိုပါအမေရိက ပြိုင်ပွဲကြီး ပြီးဆုံးသွားတာနဲ့ အယ်လ်ဗာရက်ရဲ့ အနာဂတ် အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ပါ ရှိနေပါတယ်။

Exit mobile version