မန်စီးတီးအသင်းကတော့ သူတို့ရဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး ပက်ပ် ဂွာဒီယိုလာနဲ့ လက်တွဲဖြုတ်ရမယ့်အချိန် ရောက်လာခဲ့ပြီဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြတစ်ဦးကို အခုကတည်းက ချိန်ရွယ်ထားပြီး အဲ့ဒီနည်းပြက လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆို ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ထိပ်သီး ဘောလုံးနည်းပြ ဂွာဒီယိုလာဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့ပြီး လာမယ့် ၂၀၂၅ခုနှစ်မှာပဲ မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Manchester City FC

မန်စီးတီးအသင်းအနေနဲ့ ဂွာဒီယိုလာလို အသင်းအတွက် ဆုဖလားပေါင်းများစွာ ရယူပေးထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးကို အသင်းကနေ လက်မလွတ်သွားချင်ပေမယ့် ဂွာဒီယိုလာဘက်ကသာ သက်တမ်းတိုးဖို့ ငြင်းဆန်မယ်ဆိုရင်တော့ နည်းပြသစ်တစ်ဦးကိုပဲ ရှာဖွေသွားရတော့မှာပဲ ဖြစ်ပါတယ်။

မန်စီးတီးက ဂွာဒီယိုလာနေရာအတွက် ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီကို ချိန်ရွယ်ထားလျက် ရှိနေသလို လတ်တလောမှာ လေဗာကူဆင်အသင်းနဲ့အတူ အတော်လေး စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနေတဲ့ နည်းပြ အလွန်ဆိုကိုပါ မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Sky Sports

အလွန်ဆိုဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ နည်းပြ ဂွာဒီယိုလာနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပြီး ဂွာဒီယိုလာအပြင် မော်ရင်ဟို အန်ဆယ်လော့တီ ဘင်နီတက်ဇ်တို့လို ထိပ်တန်းနည်းပြတွေရဲ့ လက်အောက်မှာ ပါဝင်ကစားရင်း ဒီနည်းပြတွေဆီကနေ နည်းပြပညာရပ်တွေကို လေ့လာ ဆည်းပူးခဲ့ရပါတယ်။

အခုဆိုရင် အလွန်ဆိုက လေဗာကူဆင်အသင်းကို ဒီရာသီထဲ ပြိုင်ပွဲစုံ (၃၈)ပွဲအထိ လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားခဲ့ပြီး ဖလား(၃)လုံး လမ်းကြောင်းပေါ်မှာလည်း ရပ်တည်ထားနိုင်သလို အသင်းနဲ့လည်း လာမယ့်ရာသီအထိ လက်တွဲဖို့ပါ ဆုံးဖြတ်ထားတာကြောင့် မန်စီးတီးက လာမယ့်ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲနိုင်တဲ့ ဂွာဒီယိုလာ နေရာအတွက် ၂၀၂၅မှာပဲ လေဗာကူဆင်နဲ့ လမ်းခွဲမယ့် အလွန်ဆိုကို ချိန်ရွယ်လာခဲ့ပါတယ်။