ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ ဘရာဇီးလ် ဂိုးသမား အီဒါဆန်ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)နဲ့ ကမ်းလှမ်းလာမှုကို မန်စီးတီးဘက်က ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ ဖေဘရီဇီယို ရိုမာနိုက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆန်ဟာ မန်စီးတီးရဲ့ ပင်တိုင် ဂိုးသမားတစ်ဦး ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းမှာ စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာနဲ့ အစေးမကပ် ဖြစ်ခဲ့ရမှုကနေ နောက်ဆုံး အသင်းကနေ ရောင်းထုတ်သွားဖို့အထိပါ အကြောင်းဖန်လာခဲ့ရပါတယ်။
Photo Credit : A Bola
မန်စီးတီးမှာ အနာဂတ် အခြေအနေ ယိမ်းယိုင်လာခဲ့တဲ့ အီဒါဆန်ကို ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေကနေ စတင် စ်ိတ်ဝင်စားလာခဲ့ပြီး မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ အီဒါဆန်အတွက် အပြိုင်အဆိုင် ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်လာခဲ့ကြပါတယ်။
အီဒါဆန်အနေနဲ့ကလည်း မန်စီးတီးမှာ ကစားသမားဘဝ အခြေအနေ သိပ်မဟန်တော့တဲ့ အချိန်မှာ အီဒါဆန်ကိုယ်တိုင်က ဆော်ဒီလိဂ်ဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး မကြာသေးခင်ကလည်း အယ်လ်အစ်တီဟတ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ ကောလဟာလသတင်းတွေပါ ထွက်ပေါ်ခဲ့ပါသေးတယ်။
Photo Credit : Al Bawaba
ဒါပေမယ့် ခိုင်မာတဲ့ သတင်းတွေအရတော့ ဂိုးသမား အီဒါဆန်အတွက် တရားဝင် ကမ်းလှမ်းမှု လုပ်ဆောင်လာခဲ့တာက ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဖြစ်ပြီး ကနဦး ကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)နဲ့ ကမ်းလှမ်းမှု စတင် လုပ်ဆောင်လာခဲ့ပါတယ်။
မန်စီးတီးကတော့ သူတို့ရဲ့ ဂိုးသမားဖြစ်သူအတွက် တန်ကြေး ယူရို သန်း(၅၀)အထိ သတ်မှတ်ထားခဲ့တာဖြစ်လို့ အယ်လ်နာဆာရဲ့ ယူရို သန်း(၃၀) ကမ်းလှမ်းချက်ကို လက်မခံနိုင်ပဲ ပယ်ချခဲ့ပါတယ်။ အယ်လ်နာဆာကလည်း သူတို့ရဲ့ ကိုလံဘီယာ ဂိုးသမားကြီး အော့စ်ပီနာကို အသင်းကနေ ထွက်ခွာခွင့် ပြုထားခဲ့ရပြီဖြစ်လို့ သူ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် အီဒါဆန်လို လုံးဝ အရည်အသွေးမြင့် ဂိုးသမားတစ်ဦးကို အရ ခေါ်ယူဖွယ် ရှိနေပါတယ်။