MySport Myanmar

ဘိုင်ယန် ကြယ်ပွင့်လေး မူစီအာလာကို အတော်လေး စိတ်ဝင်စားနေတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းကတော့ အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ ကွင်းလယ်တိုက်စစ် ကစားသမားလေး ဂျာမား မူစီအာလာကို အတော်လေး စိတ်ဝင်စားနေတယ်လို့ The Independent ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ မူစီအာလာဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်အသင်းကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ဘိုင်ယန် လူငယ်အသင်းကနေတစ်ဆင့် ဘိုင်ယန် စီနီယာအသင်းအတွက် စတင်ကစားပေးခွင့် ရရှိရင်း သူရဲ့ အရည်အသွေးတွေကို အကောင်းဆုံး ပြသလာနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

အခုဆိုရင်တော့ မူစီအာလာဟာ ဘိုင်ယန်ရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးတောင် ဖြစ်လို့နေပြီး အသင်းဘက်ကလည်း သူ့ကို ကာလရှည် စာချုပ်သစ်တစ်ရပ် ထပ်မံ ချုပ်ဆိုသွားချင်နေပေမယ့် မူစီအာလာကတော့ သူရဲ့စာချုပ်ကိစ္စကို ဆွေးနွေးသွားဖို့ ဆန္ဒမရှိပဲ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဒီအခြေအနေမှာ လီဗာပူးလ် မန်စီးတီး ရီးယဲလ် အစရှိတဲ့ ကလပ်အသင်းတွေက မူစီအာလာရဲ့ အခြေအနေကို စောင့်ကြည့်လာခဲ့ကြပြီး အခုတော့ မန်စီးတီးက မူစီအာလာကို ပိုမို စိတ်ဝင်စားလာခဲ့ပြီး လာမယ့်နွေမှာ ကမ်းလှမ်းသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

Photo Credit : ESPN

မန်စီးတီးအနေနဲ့ လာမယ့်နွေမှာ ဘာနာဒို ဆေးလ်ဗား ၊ ကယ်လ်ဗင် ဒီဘရိုင်းနဲ့ ကယ်လ်ဗင် ဖီးလစ်တို့ကို လက်လွတ်သွားရနိုင်တာကြောင့် ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်းက ဘရာဇီးလ် ကွင်းလယ်လူ လူးကပ်စ် ပါကေတာအပြင် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ်အထိ ကစားနိုင်တဲ့ မူစီအာလာကိုပါ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

မူစီအာလာက ဘိုင်ယန်မှာရော ဂျာမနီမှာပါ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်သလို ဘိုင်ယန်နဲ့ကလည်း ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာမို့ ပြောင်းရွှေ့ကြေးကို အမြောက်အများ တောင်းဆိုလာနိုင်ပြီး မူစီအာလာရဲ့ လက်ရှိတန်ကြေးတောင်မှ ယူရို သန်း(၁၁၀)အထိကို ရှိနေပါတယ်။

Exit mobile version