မနေ့ညက အယ်တီဟတ်ကွင်းမှာ အဲဗာတန်အသင်းကို အာလင်း ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူတို့အသင်းဟာ ခက်ခဲတဲ့ ပွဲတစ်ပွဲကို ဖြတ်သန်းခဲ့ရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းက အဲဗာတန်နဲ့ပွဲ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဂိုးကန်သွင်းမှု (၁၀)ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်ကန်ချက်ကတော့ တစ်ကြိမ်မှကို မရှိခဲ့သလို ပွဲချိန် မိနစ် (၇၀)မှသာ Shot on target စတင် ရရှိခဲ့ပြီး အဲ့ဒီအချိန်မှာပဲ ဟာလန်းက စီးတီးအတွက် ဦးဆောင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဒုတိယပိုင်း ပွဲချိန်အတွင်း ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ အဲဗာတန်ကို အနိုင်ယူခဲ့တဲ့ မန်စီးတီးအသင်းဟာ အခုဆိုရင် နောက်ဆုံးကစားခဲ့တဲ့ (၁၀)ပွဲဆက်တိုက်အထိ နိုင်ပွဲရထားခဲ့သလို မနှစ်ကလိုမျိုး Treble Champions အဖြစ် ဆက်လက် ရယူနိုင်ဖို့အတွက်လည်း အလားအလာကောင်းနေရပါတယ်။

ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက “ဒီလို အခက်အခဲတွေ အများကြီးနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မျိုးကို အနိုင်ယူရတာ ကျွန်တော် သဘောကျမိပါတယ်။ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရတဲ့ အခါတိုင်းလိုလိုမှာ တကယ့်ကို မလွယ်ကူလှပါဘူး။”

Photo Credit : beIN SPORT

“အရင်ကတည်းက ကျွန်တော်တို့တွေ ဒီအသင်းနဲ့ တွေ့ဆုံတိုင်း အမှတ်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ နေ့လည် (၁၂)နာရီခွဲအချိန် ပိုခက်ခဲမှန်း သိပေမယ့် ကျွန်တော်တို့အသင်းရဲ့ body language က သိပ်မကောင်းပါဘူး။ ကစားသမားတွေကြားက ချိတ်ဆက်မှုတွေ အဆက်အသွယ်တွေက သိပ်မကောင်းပဲ ဖြစ်နေပါတယ်။”

“ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပိုပြီး ကောင်းမွန်လာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းက နိုင်ပွဲနဲ့ ထိုက်တန်တယ်လို့ ပြောရပါမယ်။ ဒီပွဲက ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို သိထားရသလို ဒီပွဲကနေလည်း သင်ခန်းစာတွေ အမြောက်အများ သင်ယူခဲ့ရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။