MySport Myanmar

ပါကေတာအတွက် မန်စီးတီးက ယူရို(၁၀၁)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံရ

မန်ချက်စတာ စီးတီးအသင်းက ဝက်စ်ဟမ်း ကွင်းလယ်လူ လူးကပ်စ် ပါကေတာအတွက် ပြောင်းရွှေ့ကြေး ယူရို (၁၀၁)သန်းထိ တိုးမြှင့်ပြီး ထပ်မံ ကမ်းလှမ်းလာခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းမှုကိုလည်း ဝက်စ်ဟမ်းက ပယ်ချခဲ့ပြန်ပါတယ်။

မန်စီးတီးအသင်းဟာ အစောပိုင်းတုန်းကလည်း ဘရာဇီးလ် လက်ရွေးစင် ကစားသမားကို ပေါင် သန်း(၇၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့သေးပြီး ဒီကနဦး ကမ်းလှမ်းချက်ကိုလည်း ဝက်စ်ဟမ်းတို့က ပယ်ချသွားခဲ့ပါသေးတယ်။

Photo Credit : Transfermarket

ဝက်စ်ဟမ်းက ဒီနွေမှာ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်အသင်းဆီ လက်လွတ်လိုက်ရပြီးနောက်ပိုင်း နောက်ထပ် အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေကို ထပ်မံ ဆုံးရှုံးဖို့ ဆန္ဒမရှိတော့တဲ့အတွက် ပါကေတာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်နေပါတယ်။

ဒါပေမယ့်လည်း ပါကေတာကိုယ်တိုင်က မန်စီးတီးလို အသင်းကြီး တစ်သင်းရဲ့ စိတ်ဝင်စားမှု ရရှိနေခြင်းကို စိတ်လှုပ်ရှားနေပြီး မန်စီးတီးအသင်းဆီလည်း ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိလာခဲ့တာက ဝက်စ်ဟမ်းအတွက်တော့ ပြသာနာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Photo Credit : Globo

ဒီအခြေအနေကို နားလည်နေတဲ့ မန်စီးတီးကလည်း ပါကေတာအတွက် ပေါင် (၈၈)သန်းအထိ တိုးမြှင့် ကမ်းလှမ်းလာခဲ့ရာ ဝက်စ်ဟမ်းဘက်က ထပ်မံ ပယ်ချခဲ့ပြန်ပြီး သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၉၅)သန်းအထိ လိုချင်တယ်လို့ တုံ့ပြန်ထားကြောင်း Foot Mercato မှာ ဖော်ပြထားခဲ့ပါတယ်။

ပါကေတာက ဘောလုံး အရည်အသွေးကောင်းတွေ ကြွယ်ဝနေတဲ့ ဘရာဇီးလ် ကြယ်ပွင့် ကစားသမားကောင်းတစ်ဦး ဖြစ်သလို ပက်ပ် ဂွာဒီယိုလာပါ နှစ်သက်ရသူလည်း ဖြစ်တာကြောင့် နောက်ထပ်သော ကမ်းလှမ်းမှုတွေ ထပ်ရှိလာဦးမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါလိမ့်မယ်။

Exit mobile version