ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ (၄)ရာသီဆက် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတဲ့ ဘရာဇီးလ် ဂိုးသမား အီဒါဆန်နေရာမှာ အစားထိုးသွားဖို့အတွက် အေစီမီလန် ဂိုးသမား မိုက်ခ် မီနွန်ကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

မန်စီးတီးရဲ့ ပင်တိုင် ဂိုးသမားဖြစ်သူ အီဒါဆန်ဟာ စပါးနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာ စပါးနောက်ခံလူ ရိုမဲရိုးနဲ့ ထိခိုက်မိရင်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပေမယ့် ဘောလုံးဆက်ကစားနိုင်သေးတာကြောင့် ပွဲကို ဆက်လက် ကစားဖို့ လုပ်ဆောင်ခဲ့ချိန် နည်းပြ ဂွာဒီယိုလာက သူ့ကို အော်တီဂါနဲ့ လူစားလဲခဲ့လို့ ဒီလုပ်ရပ်ကို အီဒါဆန်က အကြီးအကျယ် ဒေါသပုန်ထခဲ့ရပါတယ်။

Photo Credit : Manchester City News

ဒီကိစ္စရပ် ဖြစ်ပွားပြီးနောက်ပိုင်းမှာပဲ အီဒါဆန်ရဲ့ အနာဂတ် အခြေအနေက လှုပ်ခတ်လာခဲ့ရပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း သူနဲ့ အဆင်မပြေတဲ့ ကစားသမားတွေဆိုရင် ဘယ်လောက်ပဲ စွမ်းဆောင်ရည် ကောင်းနေပါစေ အသင်းကနေ ရှင်းထုတ်တက်တဲ့ အခြေအနေတွေကြောင့် လာမယ့်နွေမှာ အီဒါဆန်နဲ့ မန်စီးတီးတို့ လက်တွဲဖြုတ်လာရနိုင်တယ်ဆိုပြီး သတင်းထွက်လာခဲ့ရပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆန်ကိုလည်း ဆော်ဒီ ထိပ်သီးကလပ်အသင်းတွေက အပြိုင်အဆိုင် ပစ်မှတ်ထားလာကြပြီး မန်စီးတီးဘက်ကလည်း အီဒါဆန်ကို ရောင်းချပြီးရင် သူ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားတွေကို စတင် ချိန်ရွယ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

လတ်တလောမှာတော့ မန်စီးတီးအသင်းနဲ့ သတင်းထွက်နေတဲ့ ဂိုးသမားက အေစီမီလန်အသင်းရဲ့ ပြင်သစ် လက်ရွေးစင် ဂိုးသမား မီနွန်ဖြစ်ပါတယ်။ ပီအက်စ်ဂျီ လူငယ်အကယ်ဒမီထွက် အသက် (၂၈)နှစ်အရွယ် ဂိုးသမား မီနွန်ဟာ စီနီယာ ကစားသမားဘဝကို လိုင်လီမှာ စတင်ခဲ့ရင်း ၂၀၂၁ခုနှစ်မှာပဲ အေစီမီလန်အသင်းဆီ ရောက်ရှိခဲ့ပါတယ်။

ဂိုးသမား ဒွန်နာရမ်မာကို လက်လွတ်ခဲ့ရတဲ့ မီလန်က သူ့နေရာမှာ မီနွန်နဲ့ အစားထိုးနိုင်ခဲ့ပြီး အခုဆို မီနွန်ဟာလည်း မီလန်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၁၀)အထိ ကစားထားနိုင်ခဲ့ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ (၁၅)ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားတဲ့ မီနွန်ဟာ ခေါင်းဆောင်မှုကောင်းတဲ့ ဂိုးသမားလည်းဖြစ်ပြီး မီလန်နဲ့ပါ ၂၀၂၆ခုနှစ်အထိပဲ စာချုပ် ကျန်ရှိနေတော့တဲ့ ဂိုးသမားဖြစ်လို့ မန်စီးတီးသာ အမှန်တကယ် အလိုရှိမယ်ဆိုရင် ယူရိုသန်း(၅၀)လောက်နဲ့တင် ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။