MySport Myanmar

အကျပိုင်းရောက်လာတဲ့ ဝေါ်ကာရဲ့ နေရာအတွက် ရစ်စီဂျိမ်းစ်ကို စိတ်ဝင်စားနေတဲ့ စီးတီး

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက အသက်အရွယ် ရလာတဲ့ သူတို့အသင်းရဲ့ ဝါရင့် ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာရဲ့ နေရာအတွက် ချယ်လ်ဆီးအသင်းခေါင်းဆောင် ရစ်စီဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီလာနေးက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ဝါရင့် ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာကို ၂၀၁၇ခုနှစ်မှာ စပါးကနေ ပြောင်းရွှေ့ကြေး ယူရို ၅၂သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ဝေါ်ကာဟာ စီးတီးဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ကိုင်လီ ဝေါ်ကာက မန်ချက်စတာ စီးတီး အတွက် ၆နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၂၆၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဆုဖလားပေါင်း ၁၅လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကိုင်လီ ဝေါ်ကာက အခုချိန်အထိ အကောင်းဆုံးပုံစံတွေကို ပြသထားနိုင်နေဆဲ ဖြစ်ပေမယ့် အသက်အရွယ် ရလာတာနဲ့အမျှ သူ့ရဲ့ အမြန်နှုန်းဟာ ကျဆင်းလာခဲ့သလို ပွဲစပွဲဆုံး အင်တိုက်အားတိုက် ကစားရတဲ့ ပွဲမျိုးတွေမှာ ဝေါ်ကာဟာ ပွဲပြီးတဲ့ အထိ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ဖို့ ရုန်းကန်လာရပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေဈေးကွက်မှာ ကိုင်လီ ဝေါ်ကာရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး မန်ချက်စတာ စီးတီးရဲ့ ပစ်မှတ် စာရင်းထဲမှာ ပီအက်စ်ဂျီ ညာနောက်ခံလူ ဟာခီမီ ၊ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ကင်းမစ်ချ်နဲ့ ချယ်လ်ဆီး အသင်းခေါင်းဆောင် ရစ်စီဂျိမ်းစ်တို့ ပါဝင်နေပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Independent သတင်းဌာနရဲ့ ပင်တိုင်သတင်းထောက် ဒီလာနေးရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက အခြား ညာနောက်ခံလူတွေထက် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ညာနောက်ခံလူ ဖြစ်သလို အင်္ဂလန် လက်ရွေးစင် ကစားသမားလည်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းခေါင်းဆောင် ရစ်စီဂျိမ်းစ်ကို ခေါ်ယူဖို့ ပိုမို စိတ်ဝင်စားနေပြီး ရစ်စီဂျိမ်းစ်ကို မခေါ်ယူနိုင်မှသာ အခြား ပစ်မှတ်တွေကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ရစ်စီဂျိမ်းစ်က ကိုင်လီ ဝေါ်ကာနဲ့ အင်္ဂလန်အသင်းမှာ နေရာယှဉ်လုနေတဲ့ ကစားသမား ဖြစ်ပြီး ရစ်စီဂျိမ်းစ်ဟာ ဝေါ်ကာလို တိုက်စစ် ၊ ခံစစ် မျှတအောင် ကစားနိုင်သလို လိုအပ်ရင် သွင်းဂိုးတွေပါ သွင်းယူပေးနိုင်တဲ့ ကမ္ဘာ့အဆင့် ညာနောက်ခံလူ တဦးပါ။

မန်ချက်စတာ စီးတီးက ရစ်စီဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ရစ်စီဂျိမ်းစ်ဟာ ချယ်လ်ဆီးရဲ့ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သလို အသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူထားသူ ဖြစ်တာကြောင့် ချယ်လ်ဆီးကို စွန့်ခွာပြီး မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ပါ့မလား ဆိုတာဟာ သံသယဝင်စရာ ကောင်းပါတယ်။

Exit mobile version