ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးက မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နူးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Four Four Twoက အခိုင်အမာ ဖော်ပြလာပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ကိုဘီ မိုင်နူးက ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ဘောလုံးကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်စွမ်း ရှိသလို ပြိုင်ဘက်တွေကို မကြောက်လန့်ပဲ ခေါင်းအေးအေးနဲ့ ကစားတတ်ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ် အပါအဝင် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက မိုင်နူးကို သူတို့အသင်းရဲ့ အနာဂတ်ကြယ်ပွင့် အဖြစ် သတ်မှတ်ထားပြီး ဒီရာသီမှာ မိုင်နူးကို အသင်းကြီးမှာ ကစားခွင့်တွေ ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ မိုင်နူးက ရာသီအစပိုင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်နေရသလို ယူနိုက်တက်ရဲ့ လူငယ်အသင်း ပွဲတွေမှာသာ ကစားနေရပေမယ့် ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က မကြာခင်မှာ သူ့ကို ကစားခွင့် ပေးဖို့ ရှိနေပါတယ်။

Photo Credit: MEN

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Four Four Twoရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီး နည်းပြချုပ် ဂွာဒီယိုလာနဲ့ စီးတီးရဲ့ တာဝန်ရှိသူတွေက မိုင်နူးရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို သဘောကျပြီး မိုင်နူးဟာ ရိုဒရီအလွန်မှာ သူတို့အသင်းရဲ့ ကွင်းလယ်ခံစစ် နေရာကို အဓိက တာဝန်ယူနိုင်သူ အဖြစ် ယူဆနေတာကြောင့် မိုင်နူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ကိုဘီ မိုင်နူးက မန်ချက်စတာ ယူနိုက်တက်နဲ့ ယခုနှစ် အစပိုင်းမှာမှ စာချုပ်သစ် ချုပ်ဆိုထားတာကြောင့် မန်ချက်စတာ စီးတီးဟာ မိုင်နူးကို အလွယ်တကူ ခေါ်ယူနိုင်မှာ မဟုတ်ပေမယ့် စီးတီးရဲ့ တာဝန်ရှိသူတွေက မိုင်နူးသာ သူတို့ဆီ ပြောင်းလာဖို့ ဆန္ဒရှိရင် ပြောင်းရွှေ့ကြေး အမြောက်အများ ပေးကာ မိုင်နူးကို ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်းလည်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။