ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီး အပါအဝင် ကမ္ဘာတလွှားမှာ ရှိတဲ့ ဘောလုံးအသင်း ၄သင်းကို ပိုင်ဆိုင်ထားတဲ့ City Football Groupဟာ ပူပူနွေးနွေး ဘရာဇီးလ် ချန်ပီယံ မင်နဲရိုးကို ဝယ်ယူဖို့ စတင် ကြိုးပမ်းလာကြောင်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

City Football Groupဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီး ၊ အမေရိကန် မေဂျာလိဂ်မှာ နယူးယော့ခ် စီးတီး ၊ ဂျပန် ဂျေလိဂ်မှာ ယိုကိုဟားမား ၊ ဩစတေးလျလိဂ်မှာ မဲလ်ဘုန်း စတဲ့ ဘောလုံးအသင်း လေးသင်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်မှာ ကြီးမားတဲ့ ဘောလုံးအင်ပါယာ တခုကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

Photo Credit: Standard

လက်ရှိအချိန်မှာတော့ City Football Groupက သူတို့ရဲ့ ခြေလှမ်းတွေကို တောင်အမေရိကတိုက်ဆီ ဖြန့်ကျက်ဖို့ စတင် စီစဉ်နေပြီး လူအင်အား တောင့်တင်းသလို ၊ အောင်မြင်မှုတွေလည်း ရနေတဲ့ ဘရာဇီးလ် ချန်ပီယံ မင်နဲရိုးဟာ သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

မင်နဲရိုးဟာ နာမည်ကြီး ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး ဟော့ခ်ကို ပိုင်ဆိုင်ထားပြီး ဘရာဇီးလ်လိဂ်ရဲ့ ချန်ပီယံလည်း ဖြစ်သလို တောင်အမေရိတိုက်မှာ အစဉ်အလာ ကြီးမားတဲ့ အသင်းကောင်း တသင်းပါ။

Photo Credit: Standard

ဒါကြောင့်ပဲ City Football Groupက မင်နဲရိုးကို ယူရို ၂၀၀သန်းနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်ခဲ့သလို မင်နဲရိုးရဲ့ တာဝန်ရှိသူတွေကလည်း အသင်းကို ရောင်းချရန် စဉ်းစားနေကြကြောင်း နာမည်ကြီး ဘရာဇီးလ် သတင်းဌာန တခု ဖြစ်တဲ့ Globo သတင်းဌာနက အခိုင်အမာ ဖော်ပြလာပါတယ်။