မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ပ် ဂွာဒီယိုလာကတော့ ဆော်ဒီကလပ် အယ်လ် အာလီအသင်းဆီ ပြောင်းရွှေ့သွားတဲ့ ဝါရင့် တောင်ပံ ကစားသမား မာရက်ဇ်နေရာမှာ ပြန်လည် အစားထိုးနိုင်မယ့် ကစားသမားတစ်ဦးကို ဒီဈေးကွက်ထဲမှာ ထပ်မံ ခေါ်ယူဖွယ် ရှိနေပါတယ်။

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ နည်းပြ ဂွာဒီယိုလာက အယ်လ်ဂျီးရီးယား တောင်ပံ ကစားသမား မာရက်ဇ်နေရာမှာ ဘရိုက်တန်ရဲ့ ဂျပန် လက်ရွေးစင် winger မိတိုမာနဲ့ အစားထိုးသွားဖို့ မျက်စိကျနေတယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Reuters

၂၀၁၈ခုနှစ်ကတည်းက လက်စတာကနေ မန်စီးတီးကို ရောက်ရှိလာခဲ့သူ မာရက်ဇ်ဟာ စီးတီးရဲ့ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီနွေမှာတော့ ပြင်ဆင်မှုတွေ အားအလွန်ကောင်းနေတဲ့ ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒီလို အသင်းအတွက် အားကိုးရတဲ့ ကစားသမားတစ်ဦးကို ခုလို လက်လွတ်လိုက်ရတဲ့ စီးတီးက ကိုဗာဆစ် ဂဗာဒီယော်လ်တို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း မာရက်ဇ်နေရာအတွက် နောက်ထပ် ကစားသမားသစ်တစ်ဦးကို နွေဈေးကွက် မပိတ်ခင် ထပ်မံ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Eurosport

မာရက်ဇ် နေရာအတွက် ပဲလေ့စ် ကစားသမားလေး အိုလီဆေး ၊ ရန်းစ်က ဘယ်လ်ဂျီယံ ကစားသမားလေး ဒိုကူးတို့နဲ့ သတင်းတွေ အရင်ဆုံး ထွက်ပေါ်လာခဲ့ပေမယ့် စီးတီး နည်းပြ ဂွာဒီယိုလာကတော့ ဂျပန် ကစားသမား မိတိုမာကို ပိုမို သဘောကျနေပြီး ဒီ (၂၆)နှစ်သားက မာရက်ဇ်နေရာမှာ အကောင်းဆုံး အစားထိုး ဝင်ရောက်နိုင်မယ့်သူလို့လည်း ယုံကြည်နေပါတယ်။

မိတိုမာက ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း (၂၄)ပွဲကစား (၇)ဂိုး သွင်းယူနိုင်ခဲ့သလို အသင်းကိုပါ ယူရိုပါလိဂ်ဝင်ခွင့်ရအောင် တွန်းပို့ပေးနိုင်ခဲ့ပါတယ်။ အာရှသားတစ်ဦး ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အံ့ဝင်ခွင်ကျဖြစ်အောင် ကစားနိုင်သလို ဘရိုက်တန်ရဲ့ အရေးအပါဆုံး ကစားသမားပါ ဖြစ်နေလို့ ဘရိုက်တန် နည်းပြ ဒီဇာဘီက မိတိုမာကို ဒီနွေမှာ လက်လွတ်နိုင်ခြေ အရမ်း နည်းပါးနေပါတယ်။