ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဗဟိုခံစစ်မှူး အကန်ဂျီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး အကန်ဂျီက လက်ရှိ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၁၀ဦး စာရင်းဝင်သူ တဦး ဖြစ်ပြီး သူက ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ၁နှစ်ဝန်းကျင်သာ ကျန်တော့သူပါ။

Photo Credit: Bild

အကန်ဂျီက ဒေါ့မွန်ရဲ့ အဓိက ဗဟိုနောက်ခံလူ တဦး ဖြစ်တာကြောင့် ဒေါ့မွန်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့ပေမယ့် အကန်ဂျီကတော့ သူ့ရဲ့ ကစားသမား ဘဝ အတွက် ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားတာကြောင့် ဒေါ့မွန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒေါ့မွန်က ယခု နွေဈေးကွက် အတွင်းမှာတင် အကန်ဂျီအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရလာရင် အကန်ဂျီကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ စီးတီးကတော့ အကန်ဂျီလို ထိပ်တန်း ခံစစ်မှူး တဦးကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို သဘောကျတာကြောင့် အခုလိုမျိုး ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။

Photo Credit: Bild

နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက အကန်ဂျီကို ခေါ်ယူဖို့ ဒေါ့မွန်နဲ့ရော ၊ ကစားသမားနဲ့ပါ သဘောတူညီမှု ရဖို့ နီးစပ်နေပြီး မန်ချက်စတာ စီးတီးဟာ အကန်ဂျီအတွက် ဒေါ့မွန်ထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၁၇.၅သန်း ဝန်းကျင် ပေးချေရဖွယ် ရှိနေကြောင်း သိရပါတယ်။