MySport Myanmar

FFPစည်းမျဉ်း ချိုးဖောက်မှုကြောင့် စီးတီးနဲ့ ချယ်လ်ဆီးကို တန်းဆင်းခိုင်းဖို့ FA စဉ်းစားနေ

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FAက ယမန်နေ့ညမှာ မာဆေးဆိုဒ်ဒေသ အခြေစိုက်ကလပ် အဲဗာတန်ကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ ရမှတ် ၁၀မှတ်လျှော့ ပြစ်ဒဏ်ကို ချမှတ်လိုက်ပြီးနောက် ဘဏ္ဍာရေးစည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ထားတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့ကိုပါ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ ပြင်ဆင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

FAက အဲဗာတန်ကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၊ ဘဏ္ဍာရေး တည်ငြိမ်မှုစည်းမျဉ်း ချိုးဖောက်မှု စတဲ့ အချက် ၂ချက်နဲ့ စွဲချက်တင် စုံစမ်းနေတာ အတော်လေး ကြာမြင့်နေပြီ ဖြစ်ကာ ယမန်နေ့ညမှာမှ ရုတ်တရတ် ၁၀မှတ်လျှော့ ပြစ်ဒဏ်ကို ချမှတ်လိုက်တာပါ။

Photo Credit: Standard

၁၀မှတ်လျှော့ ပြစ်ဒဏ်ကြောင့် အဲဗာတန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရမှတ် ၁၄မှတ် စုဆောင်းထားနိုင်ရာ ကနေ ရမှတ် ၄မှတ်သာ ကျန်တော့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁၉) နေရာ အထိ ရောက်ရှိသွားပြီး တန်းဆင်းဇုန်အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Timesရဲ့ ဖော်ပြချက်အရ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က အဲဗာတန်ကို ၁၀မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီးနောက် ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ထားတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့ကိုပါ အပြစ်ပေးဖို့ စီစဉ်နေပြီး မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့ဟာ အဲဗာတန်ထက် ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရဖို့ ရှိကြောင်း သိရပါတယ်။

Photo Credit: The Sun

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာ စီးတီးက ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကို ၁၁၅ကြိမ် အထိ ကျူးလွန်ထားတဲ့ အသင်း ဖြစ်သလို ချယ်လ်ဆီးကလည်း အသင်းပိုင်ရှင်ဟောင်း အေဘရာမိုဗစ်ချ် လက်ထက်မှာ တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ လုပ်ခဲ့တဲ့ အသင်းပါ။

Timesရဲ့ အဆိုအရ မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးတို့က ရမှတ် ၃၀မှတ်လျှော့ ပြစ်ဒဏ် (သို့) တန်းဆင်းပြစ်ဒဏ်တို့လို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရဖို့ နီးစပ်နေပြီး အဆိုပါ ၂သင်းအနက် ချိုးဖောက်မှုတွေ အများကြီး လုပ်ထားတဲ့ မန်ချက်စတာ စီးတီးဟာ ဦးစွာ အပြစ်ပေး ခံရဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

Exit mobile version