MySport Myanmar

မက်ဆီ လက်သစ် ကစားသမားလေးကို စတင် စိတ်ဝင်စားလာခဲ့တဲ့ မန်စီးတီး

Treble Champions မန်ချက်စတာ စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ထွန်းတောက်ခဲ့တဲ့ ကြယ်ပွင့် ကစားသမားလေး ကလော်ဒီယို အယ်ချီဗယ်ရီကို ခေါ်ယူဖို့အတွက် စတင် စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

အာဂျင်တီးနား ကစားသမားကောင်း အမြောက်အများကို မွေးထုတ်ပေးနေတဲ့ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်မှာ ပါဝင် ကစားနေသူဖြစ်တဲ့ အယ်ချီဗယ်ရီဟာ အသက် (၁၇)နှစ်သာ ရှိနေသေးပြီး သူ့ကို မက်ဆီ လက်သစ် ကစားသမားလေးလို့ပါ တင်စား ခေါ်ဆိုနေကြပါတယ်။

Photo Credit : Band

ကွင်းလယ်တိုက်စစ် ကစားသမားလေး အယ်ချီဗယ်ရီဟာ အလ်ိမ်အခေါက်တွေ ပြေးအားကောင်းမှုတွေ တစ်ဦးချင်း တွေ့ဆုံမှုတွေ အားပါပြင်းထန်လွန်းတဲ့ ဂိုးကန်ချက်တွေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ အရည်အသွေးမြင့် လူငယ် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ဘရာဇီးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် လူသိများလာခဲ့ရတဲ့ အယ်ချီဗယ်ရီဟာ အဲ့ဒီပွဲစဉ်အပြီးမှာပဲ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုပါ ရရှိလာခဲ့ပါတယ်။

Photo Credit : TEAMtalk

လက်ရှိမှာတော့ အယ်ချီဗယ်ရီကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ မန်စီးတီးအသင်းက အဂွဲရိုး တဲဗက်ဇ် ဇာဘလက်တာတို့လို နာမည်ကျော် အာဂျင်တီးနား ကစားသမားကြီးတွေ ကျင်လည်ခဲ့ဖူးတဲ့ အသင်းလည်း ဖြစ်သလို လက်ရှိမှာလည်း အယ်ချီဗယ်ရီရဲ့ စီနီယာ ကစားသမား အယ်လ်ဗာရက်ဇ်လည်း ရှိနေပါတယ်။

အယ်လ်ဗာရက်ဇ်ကိုလည်း ရေးဗားပလိတ်အသင်းကနေ အရ ခေါ်ယူထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ အယ်ချီဗယ်ရီကိုပါ တခြားသော အသင်းတွေနဲ့အပြိုင် အရ ခေါ်ယူနိုင်ဖို့ အသေအချာလေး စီစဉ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version