မန်ချက်စတာ စီးတီးအသင်းကတော့ အခု ဆောင်းရာသီ ဈေးကွက်အတွင်းမှာ ဖရန့်ဖတ်က တိုက်စစ်ကစားသမား အိုမာ မာမွတ်ရှ်နဲ့ လန်းစ် နောက်ခံကစားသမားလေး အဒူကိုဒီယာ ကူဆနော့ဗ်တို့ နှစ်ဦးလုံးကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ အခြေအနေကောင်းလျက် ရှိနေတယ်လို့ သိရပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အဓိက ကွင်းလယ်လူ ရိုဒရီ ဒဏ်ရာရသွားခဲ့ပြီးနောက်ပိုင်း ကွင်းလယ်ပိုင်း အားနည်းချက် ဖြစ်ပေါ်လာပြီး ရလဒ်တွေ ဆက်တိုက် ဆိုးရွားလာခဲ့ရသလို နောက်ပိုင်းမှာလည်း အသင်းက ကစားသမား များစွာကပါ ဒဏ်ရာ ပြဿနာတွေ ထပ်မံ ကြုံတွေ့လာခဲ့ရပြန်ပါတယ်။

Photo Credit : BBC

 

မန်စီးတီးအနေနဲ့ ဒီနောက်ပိုင်း ပွဲစဉ်တွေမှသာ နိုင်ပွဲတွေ အနည်းငယ် ရယူလာနိုင်ခဲ့တာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့်(၆)နေရာအထိ ရောက်နေရသလို ချန်ပီယံလိဂ်မှာဆိုရင်လည်း league phase အဆင့်(၂၂)ထိ ရောက်နေရပြီး လက်ကျန် (၂)ပွဲမှာ ပီအက်စ်ဂျီလို အသင်းမျိုးနဲ့ပါ ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ဆောင်းဈေးကွက်က ဖွင့်လှစ်နေပြီဖြစ်လို့ လိုအပ်တဲ့ နေရာအတွက် ကစားသမား ဖြည့်တင်းဖို့ အခွင့်အရေး ရရှိလာခဲ့ပြီး လတ်တလောမှာဆိုရင်တော့ မန်စီးတီးက အီဂျစ် တိုက်စစ်ကစားသမား မာမွတ်ရှ်နဲ့ အသက် (၂၀)သာ ရှိနေသေးတဲ့ ဥဇဘတ်ကစ္စတန် နောက်ခံလူ ကူဆနော့ဗ်တို့ကို အလိုရှိလာခဲ့ပါတယ်။

Photo Credit : Goal

မိုဟာမက် ဆာလာ လက်သစ်လို့ တင်စားခံနေရသူ မာမွတ်ရှ်ဟာ ဒီရာသီထဲမှာ ဖရန့်ဖတ်အတွက် အတော်လေးကို ခြေစွမ်းပြသနေပြီး ဘွန်ဒက်စ်လီဂါ (၁၅)ပွဲမှာပါ (၁၃)ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် မာမွတ်ရှ်က ဒီရာသီ ပြိုင်ပွဲစုံမှာပါ (၁၈)ဂိုးအထိ သွင်းယူလို့ထားတဲ့ပြီးတော့ (၁၂)ဂိုး ဖန်တီးထားခဲ့ပါတယ်။

ကူဆနော့ဗ်ဟာလည်း လီဂူးဝမ်းကလပ် လန်းစ်အသင်းအတွက် ဒီရာသီမှာ ဆက်တိုက် ကစားပေးခွင့် ရရှိထားသူဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ် ကျခံရတဲ့ (၂)ပွဲကိုသာ လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဗဟိုခံစစ်ကစားသမား ကူဆနော့ဗ်က ကွင်းလယ်ခံစစ်မှာပါ ကစားနိုင်သူ ဖြစ်တာမို့ စီးတီးအနေနဲ့ ကူဆနော့ဗ်ကို ရိုဒရီနေရာအတွက်ပါ အသုံးပြုသွားဖို့အတွက်ရော ခံစစ်တန်းမှာပါ အသုံးပြုဖို့အတွက်ပါ ချိန်ရွယ်နေတာ ဖြစ်ပါတယ်။