လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျိုရှုအာ ကင်မစ်ချ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့အတွက် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူးလ်အသင်းတို့ အပြိုင် စိတ်ဝင်စားနေတယ်လို့ Blid သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ကင်မစ်ချ်ဟာ လာမယ့် ၂၀၂၅ခုနှစ်မှာ သူနဲ့ ဘိုင်ယန်တို့ကြားက စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီအခြေအနေတွေကြောင့် သူ့ကို ကလပ်အသင်းများစွာက စိတ်ဝင်တစား ရှိနေကြပါတယ်။

Photo Credit : Goal

အသက် (၂၈)နှစ်အရွယ် ကွင်းလယ်ခံစစ် ကစားသမား ကင်မစ်ချ်ဟာ သူရဲ့ စီနီယာ ကစားသမားဘဝကို လိုက်ပ်ဇစ်အသင်းမှာ စတင်ခဲ့ရင်း ၂၀၁၅ခုနှစ်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကနေ လက်ရှိအထိ ကင်မစ်ချ်က ဘိုင်ယန်အတွက် တောက်လျှောက် ပါဝင်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကင်မစ်ချ် နဲ့ ဘိုင်ယန်တို့ရဲ့ စာချုပ် အခြေအနေတွေအရ ကင်မစ်ချ်ရဲ့ အနာဂတ်က အတော်လေး လှုပ်ခတ်လာခဲ့ပြီး ဘိုင်ယန်အနေနဲ့ကလည်း ကင်မစ်ချ်လို ကစားသမားမျိုးကို အလွတ်နဲ့ လက်မလွတ်ရဖို့အတွက် လာမယ့်နွေမှာပဲ ကင်မစ်ချ်ကို ရောင်းချဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Getty Image

ဒီလို အခြေအနေမျိုးမှာ ကင်မစ်ချ်ကို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းကြီးနှစ်သင်းဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူးလ်တို့က အပြိုင်စိတ်ဝင်စားလာခဲ့ပြီး လာမယ့်နွေမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ပါ စီစဉ်ထားကြပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းကလည်း ကင်မစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလို့နေပါတယ်။

ကင်မစ်ချ်အတွက် မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ့ဆရာဟောင်း ဖြစ်နေပေမယ့် လက်ရှိ မန်စီးတီးမှာက ကွင်းလယ်မှာ သူနဲ့ နေရာတူ ကစားနေတဲ့ ရိုဒရီ ရှိနေတာက စဉ်းစားစရာ ဖြစ်လာနိုင်ပြီး ကွင်းလယ် နံပါတ်(၆)နေရာ လိုအပ်နေတဲ့ လီဗာပူးလ်ကတော့ ကင်မစ်ချ်အတွက် ရွေးချယ်စရာ အသင်းတစ်သင်း ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။