ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးနှစ်သင်း ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ စပိန်လာလီဂါ အသင်းတစ်သင်းဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းရဲ့ တောင်ပံကစားသမား ချူကွီဇီကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်လို့ ခိုင်လုံတဲ့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Team Talk.com

အသက် ၂၀အရွယ်သာရှိသေးတဲ့ နိုင်ဂျီးရီးယားလက်ရွေးစင် ချူကွီဇီဟာ လက်ရှိ ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အသင်းအတွက် ထူးရှယ် ခြေစွမ်းတွေကို ပြသထားနိုင်သူပါ။ မှတ်တမ်းတွေအရ ချူကွီဇီဟာ လက်ရှိ ဘောလုံးရာသီမှာ ဗီလာရီးရဲလ်အသင်းအတွက် လာလီဂါပွဲစဉ် ၂၀အထိ ကစားပေးထားကာ ၃ဂိုးသွင်းယူထားခဲ့ပြီး ၁ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk.com

စပိန်သတင်းစာတစ်ခုရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်မှာ ချူကွီဇီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးကြောင်း သိရပြီး ဗီလာရီးရဲလ် အသင်းဟာ ချူကွီဇီအတွက် လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုဖြစ်တဲ့ ပေါင်၃၅သန်းကို သဘောမကျတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ် လို့ သိရပါတယ်။

Photo Credit: Team Talk.com

လန်ဒန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းဟာလည်း ချူကွီဇီကို ခေါ်ယူဖို့အတွက် ကာလရှည်ကြာ လေ့လာခဲ့ကြောင်း သိရကာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာတော့ ကျိန်းသေပေါက် ကမ်းလှမ်းလာမှာဖြစ်တယ်လို့လည်း နီးစပ်သူတွေက ဖွင့်ဟထားကြပါတယ်။ စပိန်အခြေစိုက် သတင်းဌာနတွေကတော့ ဗီလာရီးရဲလ်ဟာ ချူကွီဇီ အတွက် ပြောင်းရွှေ့ကြေးကို ပေါင်၅၀သန်းခန့် အလိုရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။