ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က အသင်းမှာ အရမ်းကို ခြေစွမ်းပြသလို့နေတဲ့ အမေရိကန်တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆန်ကို အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အီဒင်ဟာဇက်နဲ့ ခိုင်းနှိုင်းပြောဆိုတာတွေအပေါ် သူအနေနဲ့ အရမ်းကြီး လက်မခံနိုင်သေးပေမယ့် ပူလီဆစ်ရဲ့ခြေစွမ်းတွေကတော့ တကယ်ကိုကောင်းမွန်လှပြီး ဒီထက်မက ခြေစွမ်းပိုင်း ထက်မြက်လာဦးမယ်လို့ ယူဆမိကြောင်း ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၂၁)နှစ်အရွှယ် အမေရိကန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ ဒီနှစ်ရာသီကမှ ဒေါ့မွန်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပထမရာသီမှာပဲ မျှော်မှန်းထားတာထက်ကို အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်ခဲ့ပါတယ်။ အခုလည်း ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်မှာ ပူလီဆစ်က ချယ်လ်ဆီးအတွက် ခြေစွမ်းအပြသထားနိုင်ဆုံးဖြစ်ပြီး သူရဲ့ခြေစွမ်းတွေကြောင့် အသင်းရဲ့ကစားသမားဟောင်း ဟာဇက်နဲ့ ခိုင်းနှိုင်းမှုတွေကို စတင်ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။

Photo Credit : Daily Express

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်နေတဲ့ ဟာဇက်က ပူလီဆစ်လိုပဲ အသက်(၂၁)နှစ်လောက်မှာပဲ လိုင်လီကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ အသင်းရဲ့ အမာခံကစားသမားတစ်ယောက်ဖြစ်လာခဲ့ကာ အသင်းလိုက်ရော တစ်ဦးချင်းအောင်မြင်မှုတွေကိုလည်း ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ အခုလို သူရဲ့အသင်းဖော်ဟောင်းနဲ့ ပူလီဆစ်ကို ခိုင်းနှိုင်းပြောဆိုနေတဲ့အပေါ် လမ်းပတ်က “ကျွန်တော်ကတော့ ဒီခိုင်းနှိုင်းမှုတွေကြားထဲမှာ အရမ်းမပါချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အီဒင်နဲ့ တွဲကစားခဲ့ဖူးလို့လေ(ရယ်လျက်)။ သူတို့နှစ်ယောက်လုံး ကစားတာလည်းကောင်းသလို သူတို့ကစားတာတွေကိုလည်း စောင့်ကြည့်လို့ကောင်းပါတယ်။ အီဒင်ကတော့ ဒီအသင်းအတွက် အကောင်းဆုံးတွေကို လုပ်ဆောင်ပေးသွားခဲ့သူပါ။ အသင်းအတွက် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်အောင်လည်း သူက အဓိကနေရာကနေ ကြိုးပမ်းခဲ့သွားတာပါ။ ကျွန်တော် သူတို့နှစ်ယောက်ကို အရမ်းကြီးမခိုင်းနှိုင်းလိုပါဘူး။ ဒါပေမယ့် ပူလီဆစ်ကလည်း တနေ့တော့ ဟာဇက်လို နေရာမျိုးကို ရောက်လာမှာပါ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ပူလီဆစ်ကိုယ်တိုင်ကလည်း သူ့ကို ဟာဇက်နဲ့ ခိုင်းနှိုင်းနေတဲ့အပေါ် သဘောမကျပဲ သူကသူ့ပုံစံနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသူသက်သက်သာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားခဲ့ပါတယ်။