လီဗာပူးလ်အသင်းကတော့ လက်ရှိအချိန်မှာ တိုက်စစ်စွမ်းဆောင်ရည် အလွန်ကောင်းမွန်လို့နေပြီး ပွဲစဉ်တိုင်းလိုလိုမှာ အသင်းတိုက်စစ်ကနေ ဂိုးတွေများစွာ သွင်းယူထားနိုင်ပေမယ့်လည်း လာမယ့် ဇန်နဝါရီလအတွင်းမှာပဲ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုဟာမက်ဆာလာနဲ့ ဆာဒီယိုမာနေးတို့ကို အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲစီကို စေလွှတ်ရတော့မှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ ဆောင်းစျေးကွက်အတွင်းမှာ တိုက်စစ်ကစားသမားသစ်တစ်ဦးကို အရခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : Mirror

လတ်တလောမှာတော့ လီဗာပူးလ်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ပရီးမီးယားလိဂ် အဓိကပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အမေရိကန် တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်ကို မျက်စိကျလာခဲ့တယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ အမေရိကန်လက်ရွေးစင် ကစားသမား ပူလီဆစ်ဟာ လီဗာပူးလ်အသင်းရဲ့ နည်းပြကြီးဖြစ်တဲ့ ယာဂန်ကလော့ပ်နဲ့အတူ ဒေါ့မွန်အသင်းမှာ တွဲဖက်ခဲ့ဖူးကြတဲ့ ဆရာတပည့်ဟောင်းတွေ ဖြစ်သလို လက်ရှိ ပူလီဆစ်က ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရပြီးနောက် ချယ်လ်ဆီးအသင်းမှာ နေရာတစ်ခု ပြန်လည်ရယူနိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် လီဗာပူးလ်ဘက်ကနေ အခုလို ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Chelsea News

ဒါပေမယ့် ပူလီဆစ်ကို လီဗာပူးလ်တစ်သင်းတည်းကသာ စိတ်ဝင်စားနေတာမဟုတ်ပဲ လာမယ့်စျေးကွက်အတွင်းမှာ ကစားသမားသစ်တွေ ဖြည့်တင်းဖို့ စီစဉ်နေတဲ့ ဘာစီလိုနာအသငး်ကလည်း ပူလီဆစ်ကို ခေါ်ယူချင်နေတာ ဖြစ်တယ်လို့ မီဒီယာတွေကနေ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းက အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ပူလီဆစ်ကို အငှားစာချုပ်နဲ့သာ ကမ်းလှမ်းနိုင်မှာဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့လည်း အပြိုင်ကမ်းလှမ်းနိုင်ဖွယ် မရှိတာကြောင့် ပူလီဆစ်ကို လီဗာပူးလ်အသင်းကသာ တစ်သင်းတည်း ကမ်းလှမ်းရနိုင်ပါတယ်။ ၂၀၁၉ခုနှစ်တုန်းက ဒေါ့မွန်ကနေ ချယ်လ်ဆီအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၅၈)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ပူလီဆစ်ဟာ လက်ရှိအချိန်ထိ ချယ်လ်ဆီးအသငးအတွက် ပွဲပေါင်း(၈၃) ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပေါင်း(၁၉)ဂိုးနဲ့ ဂိုးဖန်းတီးမှု (၁၄)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာက ဒဏ်ရာပြသာနာတွေကြောင့် ပွဲပေါင်း(၆)ပွဲသာ ကစားထားနိုင်သလို အနည်းငယ် ရုန်းကန်နေရတဲ့ အခြေအနေကြောင့် သူ့ကို အသင်းဘက်ကနေ ပေါင်(၄၂)သန်းလောက်နဲ့ ရောင်းထုတ်ချင်နေတယ်လို့ El Nacional ကနေ ဖော်ပြထားပါတယ်။