ချယ်လ်ဆီးတောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်ကတော့ သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပထမဦးဆုံးရာသီမှာပဲ အသင်းအတွက် အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး အသင်းကိုလည်း ပရီးမီးယားလိဂ်မှာ အဆင့်(၄)အတွင်း ဝင်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပူလီဆစ်ဟာ သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ကျောနံပါတ်(၂၂)ကို ဝတ်ဆင်ခဲ့ရပေမယ့် အသင်းရဲ့ကျောနံပါတ်(၁၀)ပိုင်ရှင် ဝီလီယံက အသင်းကနေ ထွက်ခွာသွားပြီဖြစ်လို့ အသင်းက ပူလီဆစ်ကို ကျောနံပါတ်(၁၀)အဖြစ် ပြောင်းလဲပေးဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်သာရှိသေးတဲ့ အမေရိကန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ပူလီဆစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ဒေါ့မွန်ကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၃၄)ပွဲအထိ ပါဝင်ကစားခဲ့ကာ (၁၁)ဂိုးသွင်းယူခဲ့ပြီး (၁၀)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အီဒင်ဟာဇက် ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းမှာ ကြယ်ပွင့်ကစားသမားတစ်ယောက် လိုအပ်နေတဲ့ ချယ်လ်ဆီးအတွက် ပူလီဆစ်က ဟာဇက်ရဲ့ကွက်လပ်ကို အကောင်းဆုံးဖြည့်တင်းပေးနိုင်ခဲ့ပြီး အသင်းရဲ့တိုက်စစ်မှာ အတောက်ပဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ လစ်လပ်သွားပြီဖြစ်တဲ့ ကျောနံပါတ်(၁၀)ကို ပူလီဆစ်ဆီ လွဲပြောင်းပေးဖို့ စီစဉ်လာခဲ့ပြီလို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို အီဒင်ဟာဇက်ရဲ့ကျောနံပါတ်(၁၀)ကို လွဲပြောင်းပေးခဲ့ပြီး ဝီလီယံရဲ့ကျောနံပါတ်(၂၂)ကိုလည်း ပူလီဆစ်ဆီ လွဲပြောင်းပေးခဲ့ပါတယ်။ အခုတော့ အာဆင်နယ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားပြီဖြစ်တဲ့ ဝီလီယံရဲ့ကျောနံပါတ်(၁၀)ကိုလည်း ပူလီဆစ်ဆီ တဆင့်လွဲပြောင်းပေးဖို့ ချယ်လ်ဆီးအသင်းဘက်ကနေ ပြင်ဆင်လာခဲ့တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့သမိုင်းကြောင်းမှာလည်း ကျောနံပါတ်(၁၀)ကို ဟာဇက် ဂျိုးကိုး မတ်ဟုချ် ဟွမ်မာတာတို့လို ကစားသမားကောင်းတွေက ဝတ်ဆင်ခဲ့တာဖြစ်ပြီး ပူလီဆစ်ကိုယ်တိုင်ပါ ဒီကျောနံပါတ်ကို ဝတ်ဆင်သွားဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ပူလီဆစ်ဟာ ပြီးခဲ့တဲ့ အက်အေဖလားဖိုင်နယ်ပွဲစဉ်တုန်းက ဒဏ်ရာရရှိထားခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်လို့ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပွဲထွက်ကစားဖွယ် ရှိနေပါတယ်။