MySport Myanmar

မန်ယူ နဲ့ ဘရန့်ဖို့ဒ် နှစ်သင်းထဲက တစ်သင်းသင်းကို ရွေးချယ်သွားရတော့မယ့် အဲရစ်ဆင်

လာမယ့် ဇွန်(၃၀)ရက်နေ့မှာ လက်ရှိကလပ် ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး free agent ကစားသမား ဖြစ်လာတော့မယ့် ဒိန်းမတ် ကွင်းလယ်တိုက်စစ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ အားလပ်ရက်ကနေ ပြန်လာတဲ့အခါ သူ့ကို ကမ်းလှမ်းထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ကြား ဘယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားမလဲဆိုတာ ရွေးချယ်သွားရတော့မယ်လို့ သိရပါတယ်။

Photo Credit : Football Today

အသက်(၃၀)အရွယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ပြိုင်ပွဲအတွင်း နှလုံးအမောဖက်ပြီး ကွင်းအတွင်း လဲကျခဲ့ရသလို အသက်အန္တရာယ် ဖြစ်လုနီးပါး ရင်ဆိုင်ခဲ့ရပေမယ့် အဲ့ဒီနောက်ပ်ိုင်းမှာ ပြန်လည်ကောင်းမွန်လာရင်း ဘရန့်ဖို့ဒ်အသင်းနဲ့ပါ ကာလတို စာချုပ်ပါ ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်မှာ (၆)လစာချုပ်နဲ့ ပါဝင်ကစားခဲ့တဲ့ အဲရစ်ဆင်ဟာ သူရဲ့ ယခင် ခြေစွမ်းပိုင်းတွေ ပြန်လည်ပြသလာနိုင်ခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ် (၁၁)ပွဲ ကစားပေးခဲ့ရာမှာလည်း သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၄)ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit : Sports Mole

ဘရန့်ဖို့ဒ်အသင်းနဲ့အတူ အကောင်းဆုံးပုံစံတွေ ပြသလာနိုင်တဲ့ အဲရစ်ဆင်ဟာ ဒိန်းမတ်လက်ရွေးစင်အသင်းမှာပါ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး သူ့ကိုလည်း သူ့အသင်းဟောင်း တော့တင်ဟမ်ဟော့စပါး အပါအဝင် ယူနိုက်တက် အက်စတွန်ဗီလာ ဝုလ်ဗ်တို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အပြင် သူရဲ့လက်ရှိကလပ် ဘရန့်ဖို့ဒ်ကလည်း အဲရစ်ဆင်ကို နောက်ထပ် စာချုပ်သက်တမ်း တိုးမြှင့်ဖို့အထိပါ စီစဉ်လာခဲ့ပါတယ်။ လတ်တလောမှာတော့ အဲရစ်ဆင်ကို သူရဲ့ကလပ် ဘရန့်ဖို့ဒ်အသင်းနဲ့ ယူနိုက်တက်အသင်းတို့က တရားဝင် ကမ်းလှမ်းထားတယ်လို့ Sky Sports အားကစားရုပ်သံမီဒီယာကနေ ဖော်ပြထားခဲ့သလို အဲရစ်ဆင်အနေနဲ့လည်း အားလပ်ရက်ကနေ ပြန်ရောက်လာချိန်မှာ သူ့ကို ကမ်းလှမ်းထားတဲ့ အသင်းနှစ်သင်းထဲ တစ်သင်းသင်းကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ် Sky Sports ရဲ့ ဖော်ပြချက်မှာတော့ အဲရစ်ဆင်အပေါ် ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုက ငွေကြေးပိုင်းအရ အကျိုးအမြတ် ပိုရှိတယ်ဆိုပေမယ့် ဘရန့်ဖို့ဒ်ကသာ အဲရစ်ဆင်အတွက် ပွဲကစားခွင့်တွေ ပိုမိုအာမခံပေးနိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် အဲရစ်ဆင်အနေနဲ့ အားလပ်ရက်ကနေ ပြန်လာချိန် ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ် ဘယ်အသင်းကို ရွေးချယ်မလဲဆိုတာ သေသေချာချာ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version