ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ဒိန်းမတ်လက်ရွေးစင်အသင်းအတွက် ပါဝင်ဆင်နွဲနေရင်းနဲ့ မမျှော်လင့်ပဲ နှလုံးခုန် ခေတ္တရပ်တန့်သွားခဲ့ရတဲ့ ဒိန်းမတ် ထိပ်တန်းကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ အသက်ဘေးကနေ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်ခဲ့ပြီးနောက်မှာ နှလုံးကို စက်တပ်ဆင်ထားရပေမယ့် သူရဲ့ကလပ်အသင်း အင်တာမီလန်မှာ ဘောလုံးဆက်ကစားဖို့က အီတလီ ဘောလုံးအဖွဲ့ချုပ်ရဲ့ တားမြစ်မှုတွေကြောင့် ဆက်ကစားခွင့် မရတော့ပဲ အသင်းနဲ့ပါ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ရပါတယ်။

Photo Credit : Sport Joe

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲအတွင်း အသက်ဘေးအန္တရာယ်နဲ့ နီးစပ်တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပေမယ့် အလျင်အမြန် ကုသမှု ခံယူနိုင်ခဲ့ခြင်းကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ပြီး နှလုံးပုံမှန် အလုပ်လုပ်ဖို့အတွက်လည်း နှလုံးခုန်စက်ကိုပါ တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေမှာ ဘောလုံးဆက်ကစားဖို့က အီတလီ ဘောလုံးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်တွေကြောင့် ခက်ခဲနေရတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရပြီး အသင်းလက်မဲ့ အဖြစ်နဲ့ ဆွစ်ဇာလန် တတိယတန်း ကလပ်အသင်း FC Chiassoနဲ့ လေ့ကျင့်ခန်းဆင်းမှုတွေ ဆောင်ရွှက်နေတယ်လို့ သိရပါတယ်။

Photo Credit : Latestly

လက်ရှိမှာ ဘောလုံးပြန်ကစားဖို့ပါ အခြေအနေ အကောင်းဆုံး ဖြစ်လို့နေတဲ့ အဲရစ်ဆင်ဟာ ဒီနှစ်ဘောလုံးရာသီ မကုန်ခင်မှာပဲ ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ချင်နေပြီး အသင်းမှာ ပုံမှန်ပြန်ကစားရင်းနဲ့ လာမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒိန်းမတ်အသင်းနဲ့အတူ ဝင်ရောက်ဆင်နွဲချင်နေတာ ဖြစ်ပါတယ်။ သူရဲ့ စိတ်ဆန္ဒနဲ့ပတ်သက်ပြီး အဲရစ်ဆင်က “ကျွန်တော့် ရည်မှန်းချက်က ကာတာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲရဖို့ပါပဲ။ ကျွန်တော် တကယ်ကို ကစားချင်တာပါ။ အဲ့ဒါက ကျွန်တော်ရဲ့ အတွေးအမြင်တွေပါ။ ဒါက ကျွန်တော်ရဲ့ ပန်းတိုင်တစ်ခု အိမ်မက်တစ်ခုပါပဲ။ အသင်းအတွက် ကျွန်တော် ရွေးချယ်ခံရပါမလားဆိုတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိနိုင်ပါဘူး။ ဒါပေမယ့် လက်ရွေးစင်အသင်းအတွက် ပြန်ကစားနိုင်ဖို့က ကျွန်တော်ရဲ့ အိမ်မက်ပါပဲ။ ဒီလို ပြန်ကစားနိုင်ဖို့ သေချာနေတယ် ဆိုတာကိုလည်း ကျွန်တော် အတိအကျ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူခြားနားနေတာမျိုးကို မခံစားရလို့ပါပဲ။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင် အကောင်းဆုံး ပုံစံမျိုးကို ကျွန်တော်ရောက်ရှိနေပြီ။ ဒါက ကျွန်တော်ရဲ့ အိမ်မက်ဖြစ်နေပြီး ဒါဖြစ်လာဖို့ကလည်း အချိန်နည်းနည်း လိုပါသေးတယ်။ ဒါကြောင့် အဲ့ဒီအချိန် မရောက်ခင်မှာပဲ ကျွန်တော် ဘောလုံးဆက်ကစားနေရပြီး အရင်က ရှိခဲ့တဲ့ အဆင့်အတန်းမျိုးကို ပြန်ရောက်နေပြီဆိုတာကို သက်သေပြသွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။