အင်တာမီလန်အသင်းမှာ ခြေစွမ်းပြဖို့ရော ပွဲထွက်ကစားခွင့်ရဖို့ပါ ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကတော့ အခုဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လမ်းခွဲသွားတော့မှာဖြစ်ပြီး အင်တာဘက်ကလည်း အဲရစ်ဆင်ကို ရောင်းချပြီး သူရဲ့နေရာမှာ ကစားသမားတစ်ယောက်နဲ့ ပြန်လည်အစားထိုးသွားဖို့ ဆန္ဒရှိနေတဲ့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ဆီကိုပါ အဲရစ်ဆင်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားသလို ဝုလ်ဗ်နဲ့ အေဂျက်စ်အသင်းတွေကလည်း အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : TeamTalk

အသက်(၂၈)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ မနှစ်က ဘောလုံးရာသီရဲ့ ဆောင်းစျေးကွက်အတွင်းမှာပဲ စပါးအသင်းကနေ အင်တာမီလန်အသင်းဆီကို ပေါင်(၁၇)သန်းဝန်းကျင်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အီတလီမြေမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို သူရဲ့ကစားဟန်ကိုလည်း အင်တာနည်းပြကွန်တီက သဘောမကျတာကြောင့် လူစာရင်းကနေ ချန်လှပ်ခံနေရသလို အသင်းနဲ့ ပူးပေါင်းပြီး တစ်နှစ်ပြည့်ခင်မှာပဲ အသင်းကနေ ပြန်လည်ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Caughtoffside

နာမည်ကျော်စပိန်သတင်းစာ Marca ရဲ့ ကနဦးဖော်ပြချက်တွေအရ အင်တာမီလန်အသင်းဟာ သူတို့ရဲ့ကစားသမား အဲရစ်ဆင်ကို ခေါ်ယူကြဖို့အတွက် ရီးရဲလ်နဲ့ ဘာစီလိုနာတို့လို လာလီဂါထိပ်တန်းအသင်းတွေကို ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒီအသင်းတွေဟာ အဲရစ်ဆင် အင်တာကို မပြောင်းရွှေ့ခင်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့်လည်း လက်ရှိအချိန် အသင်းဘဏ္ဍာရေးပိုင်းတွေကြောင့် ခေါ်ယူဖို့က ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။ ဒါပေမယ့် လတ်တလော Voetbal Zone ရဲ့ သတင်းထောက်တစ်ဦး ဖော်ပြချက်များအရ အဲရစ်ဆင်ကို သူရဲ့အသင်းဟောင်း အေဂျက်စ်အပြင် ပရီးမီးယားလိဂ်ရဲ့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ ဝုလ်ဗ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲရစ်ဆင်ဟာ စပါးကို မရောက်ရှိခင်က အေဂျက်စ်အသင်းမှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး အေဂျက်စ်နဲ့လည်း အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် အသင်းဟောင်းက သူ့ကို ပြန်လည်ခေါ်ယူချင်နေတာဖြစ်သလို ဝုလ်ဗ်ကလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကွင်းလယ်ကနေ ဂိုးတွေဖန်တီးပေးနိုင်မယ့် အဲရစ်ဆင်လို ကစားသမားမျိုးကို အလိုရှိနေတာဖြစ်ပါတယ်။ အင်တာကတော့ အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၂၅)သန််းဝန်းကျင်လောက်အထိ အလိုရှိနေပါတယ်။