ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး ခရစ်တန်ဆန်ဟာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ အလွန် နီးစပ်နေပြီ ဖြစ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် ခံစစ်မှူး ခရစ်တန်ဆန်ဟာ၂၀၁၂ခုနှစ်ကတည်းက ဒိန်းမတ်ကလပ် ဘရွန်ဘိုင် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာသူ တဦး ဖြစ်ပြီး သူဟာ ချယ်လ်ဆီးမှာ ဆယ်စုနှစ် တစုကြာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဆယ်ကျော်သက် ကစားသမား ဘဝထဲက ချယ်လ်ဆီးထံ စတင် ရောက်ရှိခဲ့တဲ့ ခရစ်တန်ဆန် အတွက် ချယ်လ်ဆီးက သူ့ရဲ့အိမ်တခုလို ဖြစ်နေပေမယ့် ခရစ်တန်ဆန် ကတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့ မလွယ်ကူတဲ့ ချယ်လ်ဆီးကနေ ထွက်ခွာပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကို သက်သေပြနိုင်မယ့် ထိပ်တန်းအသင်း တသင်းဆီ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာတော့ ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့က ခရစ်တန်ဆန်ကို အလွတ်နဲ့ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပေမယ့် ခရစ်တန်ဆန် ကတော့ သူ ငယ်စဉ်ကတည်းက နှစ်ခြိုက် အားပေးခဲ့ရတဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း ခရစ်တန်ဆန်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ခရစ်တန်ဆန်ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘာစီလိုနာဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်မှုတွေ ရှိနေပြီး ဘာစီလိုနာက ခရစ်တန်ဆန်ကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းထားသလို ဘာစီလိုနာနည်းပြ ဇာဗီကလည်း ခရစ်တန်ဆန်ရဲ့ ခြေစွမ်းကို အလွန် သဘောကျနေကြောင်း သိရပါတယ်။