အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ခရစ်တန်ဆန်ဟာ အသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် နောက်ခံလူ ခရစ်တန်ဆန်ဟာ ချယ်လ်ဆီးအသင်းထံ အသက် ၁၆နှစ် အရွယ်ထဲက ရောက်ရှိခဲ့သူ တဦး ဖြစ်ပြီး အသင်းရဲ့ သက်တော်ရှည် ကစားသမား ဖြစ်ပေမယ့် လက်ရှိမှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့တဲ့ ကစားသမားတဦးပါ။

Photo Credit: The Times

ခရစ်တန်ဆန်ဟာ အရပ်အမောင်း မြင့်မားသလို ကြံ့ခိုင်မှုလည်း ကောင်းမွန်တာကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် အပြင်းအထန် ကြိုးစားနေပေမယ့် ခရစ်တန်ဆန် လိုချင်တဲ့ ပွဲထွက်ခွင့်နဲ့ လုပ်ခလစာကို ပေးချေဖို့ လက်တွန့်နေတာကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ခဲယဉ်းနေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ခရစ်တန်ဆန်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းချင်နေပေမယ့် ခရစ်တန်ဆန်ကို အသင်းရဲ့ အဓိက ကစားသမားတွေကို ပေးချေတဲ့ လုပ်ခလစာ ပမာဏမျိုး ပေးချေဖို့ ဆန္ဒမရှိပဲ အရန် ကစားသမားတွေကို ပေးချေတဲ့ လုပ်ခလစာ ပမာဏမျိုးကိုသာ ပေးချေဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

Photo Credit: The Times

ဒါကြောင့်လည်း ခရစ်တန်ဆန်ဟာ သူ့ရဲ့ အေးဂျင့်ကို ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ အားလုံးကို ရပ်ဆိုင်းဖို့ အသိပေးခဲ့တာ ဖြစ်ပြီး အကယ်၍ ဇန်နဝါရီလ အထိ ချယ်လ်ဆီးအသင်းက သူ လိုချင်တဲ့ စာချုပ်တရပ် ကမ်းလှမ်းခြင်း မရှိပါက ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ စဉ်းစားနေကြောင်း ခရစ်တန်ဆန်နဲ့ နီးစပ်သူတွေက အတည်ပြု ပြောကြားထားကြပါတယ်။

လက်ရှိမှာတော့ ခရစ်တန်ဆန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့ အေစီမီလန်အသင်းတို့က စိတ်ဝင်စားနေကြပြီး ခရစ်တန်ဆန် ကတော့ သူ့အတွက် ပွဲထွက်ခွင့် ပိုမို ရရှိမယ့် အသင်းတသင်းထံသာ ပြောင်းရွှေ့ချင်နေပါတယ်။