ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ တဦး ဖြစ်သူ ခရစ်တန်ဆန် ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာ အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး သတင်းဌာန အများစုက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် နောက်ခံလူ ခရစ်တန်ဆန်ဟာ ချယ်လ်ဆီးအသင်းရဲ့ သက်တော်ရှည် ကစားသမား တဦး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်ရှိတော့ပြီး စာချုပ်သစ်သာ မချုပ်ဆိုဖြစ်ရင် ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမှာ ဖြစ်ပါတယ်။

Photo Credit: Express

ချယ်လ်ဆီးအသင်း ကတော့ လူငယ် ကစားသမား ဘဝထဲက အသင်းမှာ ပါဝင် ကစားနေတဲ့ ခရစ်တန်ဆန်ကို ကာလရှည် စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားပေမယ့် ခရစ်တန်ဆန် ကတော့ သူ့ရဲ့ ကစားသမား ဘဝ အတွက် အချိန်ယူ စဉ်းစားနေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ခရစ်တန်ဆန်ဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘာစီလိုနာအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ကြားသိခဲ့ရချိန်မှာ စာချုပ်သစ် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီး ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Photo Credit: Express

စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဝါရင့် နောက်ခံလူ ဂျာရတ် ပီကေးရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း နောက်ခံလူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး ခရစ်တန်ဆန်က သူတို့အသင်းရဲ့ ထိပ်တန်း ပစ်မှတ်တွေထဲက တဦးပဲ ဖြစ်ပါတယ်။

စပိန်အခြေစိုက် သတင်းဌာနတွေကလည်း ဘာစီလိုနာအသင်းနဲ့ ခရစ်တန်ဆန်ရဲ့ အေးဂျင့်တို့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်းနဲ့ ဘာစီလိုနာအသင်းဟာ ခရစ်တန်ဆန်ကို ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားကြောင်းလည်း ယနေ့ နေ့လယ်ပိုင်းမှာ ဖော်ပြသွားကြပါတယ်။