ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ ချူပိုမိုတင်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဟာသာဘာလင် ၂-၃ ဘိုင်ယန်မြူးနစ်ပွဲမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် သူဟာ ဘိုင်ယန်မြူးနစ် ကနေ ထွက်သွားတဲ့ ပိုလန် ဂိုးသွင်းစက် ရော်ဘတ် လီဝန်ဒေါစကီးရဲ့ နေရာကို အစားဝင်နိုင်သူ ဖြစ်ကြောင်း သက်သေပြသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဝါရင့် တိုက်စစ်မှူး ချူပိုမိုတင်က ကစားသမား ဘဝ တလျှောက်လုံးမှာ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့သာ အသင်းပြောင်းလေ့ ရှိတဲ့ ကစားသမား အဖြစ် ကျော်ကြားသူ တဦး ဖြစ်ပြီး သူဟာ သူ့ရဲ့ ကစားသမား ဘဝမှာ စုစုပေါင်း အသင်း ၆သင်း အတွက် ကစားပေးခဲ့ပေမယ့် ဘယ်အသင်းကမှ သူ့အတွက် ပြောင်းရွှေ့ကြေး မသုံးစွဲခဲ့ရပါဘူး။

Photo Credit: Goal

ချူပိုမိုတင်က ပီအက်စ်ဂျီ ၊ ရှော်ကေး ၊ စတုတ်စီးတီး ၊ မိန့်ဇ် ၊ ဟမ်းဘက် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပရဲ့ နာမည်ကြီး ကလပ်တွေမှာ အရန် တိုက်စစ်မှူး အဖြစ် လှည့်လည် ကစားခဲ့ပေမယ့် ယခုနှစ် ရာသီမှာတော့ ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် တိုက်စစ်မှူး  အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ချူပိုမိုတင်က ယခုနှစ် ရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပြီး သူ့ရဲ့ သွင်းဂိုးတွေကြောင့်ပဲ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါ့အပြင် ချူပိုမိုတင်က နောက်ဆုံး ကစားခဲ့တဲ့ ၇ပွဲဆက် သွင်းဂိုးတွေ သွင်းယူထားနိုင်ပြီး အဆိုပါ ၇ပွဲမှာ ချူပိုမိုတင်ဟာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ် ပရိသတ်တွေက ချူပိုမိုတင်ဟာ သူတို့အသင်း အတွက် လီဝန်ဒေါစကီး လက်သစ်ပဲလို့ ကြွေးကြော်နေကြပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း ချူပိုမိုတင်ရဲ့ ခြေစွမ်းတွေကြောင့် ဘိုင်ယန်မြူးနစ်ဟာ လီဝန်ဒေါစကီးကို သတိမရလောက်တော့ဘူးလို့ သုံးသပ်ထားကြပါတယ်။

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်က ချူပိုမိုတင်ရဲ့ စွမ်းဆောင်ရည်ကောင်းတွေ အတွက် ဂုဏ်ပြုမှုတရပ်အနေနဲ့ ချူပိုမိုတင်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ချူပိုမိုတင်ကလည်း ဘိုင်ယန်မြူးနစ်မှာပဲ ဆက်လက် ကစားဖို့ ဆန္ဒရှိနေပါတယ်။