MySport Myanmar

၃ပွဲဆက် အရှုံးကြောင့် တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲရတော့မယ့် လမ်းပတ်ရဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန့် လမ်းပတ် ဦးဆောင်နေတဲ့ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)မှာ ဘရန့်ဖို့ဒ်ကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ နည်းပြအပြောင်းအလဲ ၄ကြိမ် အထိ ပြုလုပ်ခဲ့တဲ့ ချယ်လ်ဆီးက ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေတာကြောင့် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ လမ်းပတ်ကို မကြာသေးမီကမှ ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့် လမ်းပတ်ရဲ့ လက်အောက်မှာလည်း ချယ်လ်ဆီးရဲ့ ရလဒ်ဆိုးတွေဟာ ရပ်တန့်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Sky Sports

လမ်းပတ်က တကျော့ပြန် ချယ်လ်ဆီးနည်းပြ ဘဝမှာ ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ၃ပွဲနဲ့ ချန်ပီယံလိဂ်ပွဲ ၂ပွဲ တာဝန်ယူ ကိုင်တွယ်ပေးခဲ့ရာ ၅ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး အဆိုပါ ၅ပွဲမှာ သွင်းဂိုး ၁ဂိုးထဲသာ သွင်းယူနိုင်ခဲ့သလို ပေးဂိုးကလည်း ၉ဂိုး အထိ ရှိခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ချယ်လ်ဆီးက ဘရန့်ဖို့ဒ်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရာ ကစားပုံပိုင်း အရ အသာစီး ရခဲ့ပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဘရန့်ဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ခဲ့တာကြောင့် အနိုင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: Euro Sports

ချယ်လ်ဆီးက ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်ထဲမှာ ရှိနေတဲ့ လက်စတာ စီးတီးနဲ့ ရမှတ် ၁၀မှတ်သာ ကွာဟတော့တာကြောင့် လက်ကျန် ၆ပွဲမှာ အနိမ့်ဆုံး ရမှတ် ၆မှတ် ရအောင် စွမ်းဆောင်နိုင်မှသာ တန်းဆင်းဇုန် အန္တရာယ် ကနေ လွတ်ကင်းမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးက လက်ကျန် ၆ပွဲမှာ အာဆင်နယ် ၊ ဘုန်းမောက် ၊ နော်တင်ဟမ် ဖောရက်စ် ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ် စတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ လက်ရှိ ခြေစွမ်းပိုင်းအရ အာဆင်နယ် ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ကို အနိုင်ရဖို့ မလွယ်တာကြောင့် ချယ်လ်ဆီးက တန်းဆင်းဇုန် အန္တရာယ် ကနေ လွတ်ကင်းဖို့ အတွက် ဘုန်းမောက်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါပြီ။

Exit mobile version