အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ဟာ ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် တပွဲမှ ကစားခွင့် မရခဲ့တဲ့ အခြေအနေကြောင့် စိတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူ ချီဝဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲအထိလည်း တက်ရောက်နိုင်ခဲ့သူပါ။

Photo Credit: The Sun

ဒါကြောင့်ပဲ ယူရို၂၀၂၀ပြိုင်ပွဲဝင် အင်္ဂလန်အသင်း အတွက် ရွေးချယ်ခံရချိန်မှာ ချီဝဲလ်က သူ့အနေနဲ့ ပွဲကစားခွင့် ရရှိလိမ့်မယ်လို့ မျှော်မှန်းထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကသာ အင်္ဂလန်အသင်းရဲ့ ဦးစားပေး ဘယ်နောက်ခံလူ ဖြစ်ခဲ့သလို လုခ်ရှော မပါဝင်နိုင်တဲ့ ပွဲစဉ်မှာလည်း အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ညာနောက်ခံလူ ထရစ်ပီယာက ဘယ်နောက်ခံလူ အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

လက်ရှိမှာတော့ ဘန်ချီဝဲလ်ဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတချို့ ခံစားနေရပြီး ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘန်ချီဝဲလ်ကို ကျော်လွန်ကာ အလွန်ဆိုကို နေရာပေးခဲ့တာဟာ ဘန်ချီဝဲလ်ရဲ့ စိတ်ဒဏ်ရာတွေဟာ မသက်သာသေးတာကြောင့် ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: The Sun

ဘန်ချီဝဲလ်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး တူချယ်- “ယူရို၂၀၂၀ပြိုင်ပွဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက သူ့အတွက် အတော်လေးကို ခက်ခဲစေပြီး ဒါဟာ ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့ပဲ ဆိုရမှာပါ။ အထူးသဖြင့် ကစားခွင့် ရမယ်လို့ မျှော်လင့်ထားပေမယ့် ကစားခွင့် မရခဲ့တာက သူ့အတွက် အတော်လေး စိတ်ပင်ပန်းစေပါတယ်။ သူက အသင်းကို ကူညီနိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကူညီခွင့် မရတာကြောင့် စိတ်ဒဏ်ရာ ရခဲ့တဲ့ အပေါ် ကျွန်တော် နားလည်နိုင်ပါတယ်။ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် အသင်းရဲ့ တစိတ်တပိုင်း အဖြစ် ခံယူထားပေမယ့် ပွဲထွက်ခွင့် မရတာ ၊ အသင်းအတွက် တစ်မိနစ်တောင်မှ ကစားခွင့် မရခဲ့တာ ၊ အသင်းရဲ့ ဝတ်စုံကို မဝတ်ခဲ့ရတာ စတဲ့ အချက်တွေက ခင်ဗျားဟာ အသင်းနဲ့ မသက်ဆိုင်သလို ခံစားရစေပါတယ်။ ပြီးတော့ ပွဲတပွဲကို ပါဝင်ကစားပေးနိုင်ဖို့ လေးပတ် ၊ ငါးပတ်လောက် ဆက်တိုက် လေ့ကျင့်နေဖို့လည်း လိုအပ်ပါသေးတယ်။ သူ ဒီကို ရောက်လာတဲ့ အချိန်မှာ ကျွန်တော်က သူ့ရဲ့ စိတ်ပင်ပန်းမှုတွေကို သိခဲ့ရပါတယ်။ အခုထိ ကျွန်တော်က သူ့ရဲ့ အခြေအနေ အပေါ် စိုးရိမ်နေဆဲ ဖြစ်ပြီး အသင်းအတွက် သူ ကစားခွင့် မရသေးတာ ဘာကြောင့်လဲ ဆိုတာကို သူ နားလည်ထားပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။