ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ဘယ်နောက်ခံလူ တဦး ဖြစ်သူ ဘန် ချီဝဲလ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၂-၁ ဒိုင်နမို ဇာဂရက်ဘ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်မယ့် အနေအထားမျိုးမှာ ရှိနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲ အဖြစ် ဒိုင်နမို ဇာဂရက်ဘ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ စတာလင်း ၊ ဇာကာရီယာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဘယ်နောက်ခံလူ ချီဝဲလ်ကတော့ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ချီဝဲလ်က ပွဲပြီးခါနီး အချိန်မှာပဲ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး ဒဏ်ရာကြောင့် ချက်ချင်းဆိုသလို ဆေးကုသမှု ခံယူခဲ့ရသလို ပွဲကို ဆက်လက် ယှဉ်ပြိုင် ကစားနိုင်တော့ခြင်း မရှိတာကြောင့် ဆေးအဖွဲ့ရဲ့ အကူအညီနဲ့ ကွင်းပြင်ကို ထွက်သွားခဲ့ရပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ချယ်လ်ဆီးနည်းပြ ဂရေဟမ် ပေါ်တာက ဘန် ချီဝဲလ်ဟာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သလို ဘန် ချီဝဲလ်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ဖွယ် ရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂရေဟမ် ပေါ်တာက – “ချီဝဲလ်ရဲ့ ဒဏ်ရာသတင်းက ကောင်းတဲ့ သတင်းတခုတော့ မဟုတ်ပါဘူး။ သူက အတော်လေးကို နာကျင်နေခဲ့သလို သူ့ရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားမျိုးပါ။ ကျွန်တော်တို့တွေ သူ့ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒဏ်ရာက အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ချီဝဲလ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ ပဏာမ လူစာရင်းထဲ ပါဝင်ခွင့် ရထားပေမယ့် ယခုလိုမျိုး ဒဏ်ရာရသွားတာကြောင့် အပြီးသတ် လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်း နည်းသွားပြီး အကယ်၍ ချီဝဲလ်ကသာ တံကောက်ကြောဒဏ်ရာကြောင့် လူစာရင်းထဲ မပါဝင်နိုင်ရင် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ချီဝဲလ်ရဲ့ နေရာ အတွက် အစားထိုးမှု အဖြစ် စပါးဘယ်နောက်ခံလူ ဆက်ဆီဂနွန်ကို အစားထိုး ရွေးချယ်ဖွယ် ရှိနေပါတယ်။