ငယ်ငယ်တုန်းက ရတဲ့မုန့်ဖိုးလေးတွေကို စုဘူးလေးတွေထဲ တယုတယ သိမ်းထားဖူးတဲ့ လူတွေများ ရှိလားဗျ။ ကျွန်တော်တို့တွေဟာ စုဘူးလေးတွေ ပြည့်သွားတဲ့အခါတိုင်း ကိုယ်စားချင်တဲ့ မုန်တွေ ဝယ်စားတာ ၊ ကိုယ်လိုချင်တဲ့ အရုပ်လေးတွေ ဝယ်တာ စတဲ့ ကိုယ်လုပ်ချင်တဲ့ အရာလေးတွေကို စုဘူးလေးတွေ ပြည့်တဲ့အခါတိုင်း လုပ်တတ်ကြပါတယ်။ ဒီလိုပါပဲ။ ချန်ပီယံရှစ်အသင်း တစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက် အသင်းကို အားပေးတဲ့ အသက်၅နှစ်အရွယ် ကလေးငယ်လေး ဒန်နီရယ် အော်တန်ဟာလဲ သူရဲ့ စုဘူးလေးထဲက ပိုက်ဆံလေးနဲ့ သူလိုချင် တဲ့ အရာတစ်ခုကို ဝယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အော်တန်လိုချင်တဲ့ အရာကတော့ အရုပ်လေးတွေ ၊ မုန့်လေးတွေ မဟုတ်ခဲ့ပါဘူး။ သူဟာ ဘရိုက်တန်အသင်းကနေ လိဒ်အသင်းထံကို အငှားနဲ့ လာကစားတဲ့ ခံစစ်မှူး ဘန်ဝှိုက် ပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail.com

အသက်၂၂နှစ်အရွယ် ဘန်ဝှိုက်ဟာ ဘရိုက်တန်အသင်း ကနေ လိဒ်အသင်းဆီကို တစ်ရာသီ အငှားနဲ့ လာရောက် ကစားသူဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ လိဒ်အသင်းအတွက် ချန်ပီယံရှစ်ပွဲစဉ် ၃၇ပွဲအထိ ကစားပေးထားပြီး ၂ဂိုး ဖန်တီးပေး ထားနိုင်သူပါ​။ ဒါ့ကြောင့်လည်း အော်တန်ဟာ ဘန်ဝှိုက်ကို အတော်လေး သဘောကျနေခဲ့ပြီး ဘန်ဝှိုက်ကို သူတို့အသင်းထံ ရောင်းချပေးဖို့ ဘရိုက်တန်အသင်းရဲ့ အကြီးအကဲ တစ်ဦးဖြစ်တဲ့ ပေါလ်ဘာဘာထံကို သူ့ရဲ့ မုန့်ဖိုးလေးနဲ့ ကမ်းလှမ်းကြောင်း စာရေးသား ပေးပို့ခဲ့ပါတယ်။ အော်တန်က ” သို့ ချစ်ရပါသော ပေါလ်။ ကျွန်တော့်ရဲ့ နာမည်က ဒန်နီရယ် အော်တန်ပါ။ ကျွန်တော်က အသက်၅နှစ် ရှိပါပြီ။ ပြီးတော့ ကျွန်တော်က လိဒ်ယူနိုက်တက် အသင်းရဲ့ ပရိသတ်တစ်ဦးပါ။ ကျွန်တော်က ဒီစာကို ဦးတို့အသင်းကနေ ကျွန်တော်တို့ အသင်းဆီ အငှားချထားတဲ့ ကစားသမား တစ်ဦးကို ရောင်းချင်မလားဆိုတာကို သိချင်လို့ ရေးလိုက်တာပါ။ ကျွန်တော် မေးချင်တဲ့ ကစားသမားကတော့ ကျွန်တော်အကြိုက်ဆုံး ကစားသမားဖြစ်တဲ့ ဘန်ဝှိုက်ပါပဲ။ ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး ဘန်ကို ရာသီအကုန်မှာ ရောင်းချပေးပါ။ ကျွန်တော့်ရဲ့ စုဘူးလေးထဲမှာ စုထားတဲ့ပိုက်ဆံ ၁၅ပေါင်နဲ့ ၇ဆင့် ရှိပါတယ် ” လို့ စာရေးသား ပေးပို့ခဲ့တာပါ။

Photo Credit: Daily Mail.com

အော်တန်ရဲ့ စာကို ဘရိုက်တန် အသင်းရဲ့ အကြီးအကဲ ပေါလ်ဘာဘာဟာ အတော်လေး သဘောကျခဲ့ပြီး အော်တန်ဆီကို ပြန်စာပေးပို့ခဲ့ပါတယ်။ ဘာဘာက ” မင်းအားပေးတဲ့ အသင်းကို အကူအညီပေးဖို့ ငါတို့ဆီ တောင်းဆိုတဲ့ စာအတွက် ကျေးဇူးတင်ပါတယ်။ မင်းစုထားတဲ့ ငွေလေးနဲ့ မင်း အရမ်းကြိုက်တဲ့ အသင်းကို ကူညီဖို့ ကြိုးစားတာက အတော်လေး ကောင်းပါတယ်။ မင်းက ကစားသမားကောင်းတွေကို နားလည်နိုင်စွမ်းရှိတဲ့သူတစ်ဦးပဲ။ မင်းက အနာဂတ် မှာ ကောင်းမွန်တဲ့ ကင်းထောက်တစ်ဦးတောင် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဦး စိုးရိမ်တာက ဦးတို့အသင်းရဲ့ နည်းစနစ် ဒါရိုက်တာကြီးနဲ့ နည်းပြချုပ်တို့က ဘန်ဝှိုက်ကို အသင်းရဲ့ အရေးကြီးတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားတယ်။ ဒီတော့ ဘန်ဝှိုက်ကို မရောင်းချနိုင်မှာ စိုးရိမ်မိတယ်ကွာ ” လို့ အော်စတန်ဆီ ပြန်စာ ပေးပို့ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လိဒ်အသင်း ဟာ အော်တန်ရဲ့ဆန္ဒအတိုင်း ရာသီကုန်မှာ ဘန်ဝှိုက်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ကမ်းလှမ်း မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။