ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ဂျုဗင်တပ်စ်အသင်းကနေ ရောင်းထုတ်ခံသွားရဖို့ ရှိနေတဲ့ အီတလီ တောင်ပံကစားသမား ဖရက်ဒရစ်ကို ခီယေဆာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေဆီကို ပြောင်းရွှေ့သွားချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၂၆)နှစ်အရွယ် အီတလီ လက်ရွေးစင် ဘယ်တောင်ပံကစားသမား ခီယေဆာဟာ ၂၀၂၀ခုနှစ်ကတည်းက ဖီအိုရင်တီးနားကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့သလို အသင်းကလည်း ခီယေဆာကို အလွတ်နဲ့ လက်လွတ်ဖို့ထက် အသင်းကနေ ပြောင်းရွှေ့ကြေး တစ်ခုခုနဲ့ ရောင်းချသွားဖို့သာ ရှိနေပါတယ်။
Photo Credit : beIN SPORTS
ခီယေဆာဟာ ဘယ်တောင်ပံရော ညာတောင်ပံအပြင် နောက်ချန်တိုက်စစ် နေရာတွေအထိ လိုက်ပါကစားနိုင်သူဖြစ်ပြီး အရည်အသွေးမြင့်တဲ့ ကစားသမား ဖြစ်ပေမယ့်လည်း ၂၀၂၂ နှစ်စပိုင်းမှာ ရရှိခဲ့တဲ့ ACL Injury ကြီးကြောင့် (၁၀)လ နီးပါးလောက်အထိ လအတန်ကြာ အနားယူခဲ့ရရင်း ဒဏ်ရာက ပြန်သက်သာလာချိန်မှာပါ သူရဲ့ပုံမှန်ခြေစွမ်းတွေ ကျဆင်းလာခဲ့ရပါတယ်။
(၁၀)လလောက်အထိ အနားယူပြီးနောက်ပိုင်းမှာလည်း ခီယေဆာက နောက်ပိုင်းမှာလည်း ဒဏ်ရာ ပြသာနာ အမျိုးမျိုး ကြုံတွေ့ခဲ့ရပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ရက်ပေါင်း (၇၅)ရက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်လည်း (၄၅)ရက်အထိ ထပ်မံ အနားယူခဲ့ရပြန်ပြီး ဂျုဗင်တပ်စ်အသင်းရဲ့ ပွဲစဉ်ပေါင်း (၇)ပွဲခန့်လောက်အထိ လွဲချော်ခဲ့ရပါတယ်။
Photo Credit : Transfermarket
ဒီလို အခြေအနေတွေကြောင့် ဂျုဗင်တပ်စ်ဘက်က ခီယေဆာကို သူရဲ့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း + အပိုဆုကြေးတို့နဲ့ ရောင်းထုတ်သွားဖို့အထိပါ အစီအစဉ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီလို ဂျုဗင်တပ်စ်ကနေ ထွက်ခွာရတော့မယ့် ခီယေဆာက ပရီးမီးယားလိဂ် ကလပ်အသင်းတွေဆီ ပြောင်းရွှေ့သွားချင်နေပြီး လတ်တလောမှာ စပါးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လို့နေပေမယ့် စပါးနဲ့ ခီယေဆာတို့ကြား ဘာမှ ဆက်သွယ် ဆွေးနွေးတာမျိုး ရှိမနေဘူးလို့ ဖေဘရီဇီယို ရိုမာနိုက ငြင်းဆိုထားပါတယ်။ ဂျုဗင်တပ်စ်ကလည်း လက်ရှိမှာ အဒီယေမီ ဆန်ချိုတို့လို တောင်ပံကစားသမားတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ဒီကစားသမားတွေကိုသာ ရမယ်ဆိုရင်တော့ ခီယေဆာကိုလည်း သေချာပေါက် ရောင်းထုတ်နိုင်ပါတယ်။