MySport Myanmar

သူရဲ့ သွင်းဂိုးက ဂျိုတာအတွက် ရည်စူးပါတယ်လို့ ဆိုလိုက်တဲ့ ခီယေဆာ

ပရီးမီးယားလိဂ်ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လီဗာပူးလ်အတွက် အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖက်ဒရီကို ခီယေဆာက သူ့ရဲ့ဂိုးကို ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အသင်းဖော်ဟောင်း ဒီယိုဂို ဂျိုတာအတွက် ရည်စူးကြောင်း စိတ်လှုပ်ရှားစွာ ပြောကြားလိုက်ပါတယ်။

သောကြာနေ့ညက အန်ဖီးလ်ကွင်းမှာ ကျင်းပခဲ့တဲ့ ဒီပွဲဟာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက စပိန်နိုင်ငံမှာ ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့တဲ့ အသက် (၂၈)နှစ်အရွယ် ဂျိုတာနဲ့ သူ့ရဲ့ညီအစ်ကို အသက် (၂၅)နှစ်အရွယ် အန်ဒရေ ဆေးလ်ဗားတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပွဲမစမီ၊ ပွဲအတွင်းနဲ့ ပွဲအပြီးမှာ အမှတ်တရအခမ်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit : The New York Times

ဂျိုတာရဲ့ မိသားစုဝင်တွေ ကိုယ်တိုင် တက်ရောက်အားပေးခဲ့ကြပြီး ပရိသတ်တွေကလည်း ‘DJ20’ (ဒီယိုဂို ဂျိုတာ၊ ကျောနံပါတ် ၂၀) နဲ့ ‘AS30’ (အန်ဒရေ ဆေးလ်ဗား၊ ကျောနံပါတ် ၃၀) ဆိုတဲ့ စာတန်းတွေကို mosaic ပုံစံနဲ့ လှပစွာ ပုံဖော်ခဲ့ကြပါတယ်။

ပွဲအပြီး BBC Sport နဲ့ တွေ့ဆုံရာမှာ “ဒီနေ့ဟာ ဂျိုတာရဲ့နေ့ပါပဲ” လို့ ပြောကြားခဲ့တဲ့ ခီယေဆာက “ဒီဂိုးက ကျွန်တော့်အတွက်တော့ တကယ်ကောင်းမွန်တဲ့ အခိုက်အတန့်တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့အတွေးတွေအားလုံးက ဂျိုတာဆီကိုပဲ ရောက်နေခဲ့ပါတယ်။ ကျွန်တော်တို့ မြင်တွေ့ခဲ့ရသမျှအရ ဒီနေ့ဟာ သူ့ရဲ့နေ့ပါပဲ။” လို့ ဆိုပါတယ်။

Photo Credit : The Independent

“ပွဲတစ်လျှောက်လုံး သူ့ရဲ့သီချင်းကို ဝိုင်းဖွဲ့သီဆိုနေကြတဲ့ ပရိသတ်တွေ ပေးတဲ့ ခံစားချက်က ကျွန်တော့်အတွက် အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။ ဂိုးသွင်းပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့အတွေးတွေက သူ့ရဲ့မိသားစုနဲ့ သူ့ညီအစ်ကို အန်ဒရေဆီကို ရောက်သွားခဲ့ပါတယ်။ ဒါကပဲ ကျွန်တော်ပြောနိုင်တဲ့ တစ်ခုတည်းသောအရာပါ” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်ဟာ ဟူဂို အီကီတီကီနဲ့ ကိုဒီ ဂတ်ပိုတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ခဲ့ပေမယ့် ဘုန်းမောက်တိုက်စစ်မှူး အန်ထရန် ဆီမန်ယိုက ဒုတိယပိုင်းမှာ ချေပဂိုးတွေ သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ခီယေဆာနဲ့ မိုဟာမက် ဆာလာတို့က နောက်ကျဂိုးတွေ သွင်းယူခဲ့ပြီး အာနေး စလော့ရဲ့အသင်းအတွက် အဖိုးတန် အနိုင်သုံးမှတ်ကို ရယူပေးခဲ့ပါတယ်။

Exit mobile version