ဂျုဗင်တပ်အသင်းရဲ့ နောက်ခံ ကစားသမား ချီလီနီကတော့ (၂၀၁၄) ခုနှစ်က ကမ္ဘာ့ ဖလား အုပ်စု အဆင့် ပွဲစဉ်မှာ အီတလီအသင်း နဲ့ ဥရုဂွေးအသင်း ကစားခဲ့စဉ်က သူ့ရဲ့ ပုခုံးကို ကိုက်သွားခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်စ်ကို ခွင့်လွတ်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ ဥရုဂွေး လက်ရွေးစင် အသင်း နဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်စ်ဟာ နောက်ခံလူ ချီလီနီကို သွားနဲ့ မကိုက်ခင်မှာ အရင်ကလည်း ကစားသမား (၂) ဦးကို သွားနဲ့ ကိုက်ခဲ့ပြီး ကမ္ဘာ့ ဖလား ပွဲစဉ်မှာ ချီလီနီကို သွားနဲ့ ကိုက်တာက (၃) ကြိမ်မြောက် သွားနဲ့ ကိုက်တာ ဖြစ်ပါတယ်။

Photo Credit: beinsports

တိုက်စစ်မှူး ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းကို မပြောင်းခင် လီဗာပူးလ်အသင်းမှာ ကစားခဲ့စဉ်က ဖြစ်ပြီး ကမ္ဘာ့ ဖလား အုပ်စု ပွဲစဉ်မှာ နောက်ခံလူ ချီလီနီကို သွားနဲ့ ကိုက်ခဲ့တာကြောင့် ဘောလုံး အဖွဲ့ချုပ် (FIFA) က သူ့ကို (၄) လကြာ ပွဲပယ် ပြစ်ဒဏ်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းကို ပြောင်းသွားပြီးနောက် ပြိုင်ဘက် ကစားသမားတွေကို သွားနဲ့ ကိုက်တာမျိုး မရှိတော့တာ ဖြစ်ပြီး အီတလီ နဲ့ ဂျုဗင်တပ် နောက်ခံလူ ချီလီနီကတော့ ဆွာရက်စ်နဲ့ ဖုန်းကနေ စကားပြောရာမှာ တောင်းပန်စရာ မလိုဘူးလို့ ပြောသွားလိုက်ပါတယ်။


Photo Credit: beinsports

La Gazzetta Dello Sport မှာ နောက်ခံလူ ချီလီနီက “အဲဒီနေ့က ထူးခြားတာ ဘာမှ မဖြစ်ခဲ့ပါဘူး။ ကျွန်တော် တိုက်စစ်မှူး ကာဗာနီကို ပွဲစဉ် တစ်ခုလုံး ကပ်နေခဲ့တယ်။ နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဆွာရက်စ်က ကပ်ကစားရတာ ခက်တယ်။ ဆွာရက်စ်က ကျွန်တော့်ရဲ့ ပခုံးကို သွားနဲ့ ကိုက်တာကို ကျွန်တော် ရုတ်တရက် သတိထားမိခဲ့တယ်။ ဒါက တစ်ဦးချင်း တွေ့တဲ့ အချိန်မှာ ဆွာရက်စ်ရဲ့ ဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။ အုပ်စု ပွဲစဉ် ပြီးသွားပြီ ရက် အနည်းငယ် အကြာမှာ ကျွန်တော် သူနဲ့ ဖုန်းကနေ စကားပြောပြီး သူ့ကို တောင်းပန်စရာ မလိုဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်လည်း ကွင်းထဲမှာ ဆိုးတာပါပဲ။ ညစ်ညမ်းမှုက ဘောလုံးရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ကျွန်တော်ကတော့ သူ့ရဲ့ လုပ်ရပ်ကို မူမမှန်ဘူးလို့ မပြောချင်ဘူး”လို့ ပြောသွားလိုက်ပါတယ်။