ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာ ထိပ်တိုက်ဆုံတွေ့ခဲ့ကြပြီး ရီးရဲလ်က လီဗာပူးလ်ကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံလိဂ်ဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အဲ့ဒီပွဲဲအတွင်း ရီးရဲလ်နောက်ခံလူ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာအပေါ် ကစားပုံကြမ်းတမ်းခဲ့လို့ ဆာလာမှာ ပခုံးထိခိုက်ခဲ့ရလို့ ပွဲကိုဆက်မကစားနိုင်တော့ပဲ ပွဲကစားချိန် အစောပိုင်းမှာပဲ ကွင်းထဲကနေ ထွက်ခွာခဲ့ရလို့ လီဗာပူးလ်အတွက် အတော်လေးကို နစ်နာခဲ့ရပါတယ်။

Photo Credit : talkSPORT

 

ပွဲကစားချိန် မိနစ်(၃၀)နားလောက်မှာပဲ ရာမို့စ်က ဆာလာနဲ့ ဘောလုံးယှဉ်လုနေစဉ်အတွင်း ဆာလာရဲ့လက်တစ်ဖက်ကို သူရဲ့လက်မောင်းနဲဲ့ညှပ်ကာ ဆွဲလှဲချလိုက်ရင်း ဆာလာရဲ့လက်က ပခုံးက အပြင်းအထန် ထိခိုက်သွားခဲ့တာကြောင့် ဆက်မကစားနိုင်တော့ပဲ လယ်လာနာနဲ့ လူစားလဲခဲ့ရသလို အဓိက ကစားသမားတစ်ယောက်ကို ဆုံးရှံးလိုက်ရတဲ့ လီဗာပူးလ်မှာလည်း ရီးရဲလ်ကို အရေးနိမ့်ပြီး ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီလုပ်ရက်ကြောင့် အဝါကတ်တောင် ပြသမခံခဲ့ရတဲ့ ရာမို့စ်ဟာ သူအနေနဲ့ ဒါကို ရည်ရွှယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် ချီလီနီကတော့ ရာမို့စ်ဖျက်ထုတ်မှုက ပညာသားပါတယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ချီလီနီက “ရာမို့စ်အနေနဲ့ ဒီဖြတ်ထုတ်မှုကို နည်းစနစ်အရ လုပ်ဆောင်ခဲ့တာမဟုတ်ပဲနဲဲ့ စိတ်လိုက်မာန်ပါပဲ လုပ်ဆောင်ခဲ့တာလို့ ဝေဖန်သူတွေဘက်ကနေ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ သူက နည်းစနစ်ပိုင်း အရမ်းကောင်းတဲ့သူပါ။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကစားနိုင်မယ့်သူမျိုး။ သူနဲ့ ကျွန်တော်က ပုံစံချင်းတော့ ခြားနားတယ်။ ဒါပေမယ့် ဘယ်ခံစစ်ကစားသမားတွေဆီမှာမှ မရှိနိုင်တဲ့ ပုံစံ(၂)ခုလောက် သူ့မှာရှိနေတယ်။ အရေးကြီးတဲ့ပွဲစဉ်တွေမှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ရမလဲဆိုတာကိုလည်း သူအမြဲသိနေတတ်တယ်။ ဘယ်လိုပုံစံနဲ့ ပြိုင်ဘက်ဆီကနေ ဘောလုံးကို ဖြတ်ထုတ်ရမလဲဆိုတာကို နားလည်နေတယ်။ ဒဏ်ရာတွေ ရအောင်လည်း လုပ်နိုင်တော့ သူက အရမ်းကို ညဏ်နီညဏ်နက်များတဲ့ နောက်ခံလူလို ဖြစ်နေရော။ ဆာလာကို သူလုပ်ခဲ့တာကလည်း ပညာသားပါတယ်။ ဒီလုပ်ရက်က ရည်ရွှယ်ချက်မရှိပဲ ဖြစ်သွားတာလို့ မကြာခဏ သူပြောလေ့ရှိနေတယ်ဆိုပေမယ့်လည်း ဒီပုံစံနဲ့သာ ဆာလာအပေါ် ဖြတ်ထုတ်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ သူကောင်းကောင်းကို သိထားမှာပါ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။