အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းရဲ့ အဓိက နောက်ခံလူ ချီလီနီကတော့ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ဂျူဗင်တပ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မတိုင်မီ သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်သူ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟို တယောက် ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ချီလီနီရဲ့ ဂျူဗင်တပ်အသင်းနဲ့ ဂျော်ဂျင်ဟိုရဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုHထဲမှာ ဇင်းနစ် ၊ မယ်လ်မို စတဲ့ အသင်းတွေနဲ့အတူ ကျရောက်နေပြီး အုပ်စုဗိုလ် အဖြစ် အောင်ပွဲခံနိုင်ဖို့ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရရှိအောင် နှစ်သင်းစလုံးဟာ ကြိုးစားကြမှာပါ။

Photo Credit: Daily Mail

လတ်တလောမှာတော့ ဂျူဗင်တပ်အသင်းရဲ့ ခြေစွမ်းပိုင်းဟာ နိမ့်ပါးနေပေမယ့် ယခု ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်ဟာ တူရင်မြေမှာ ကစားရမယ့် ပွဲစဉ် ဖြစ်တာကြောင့် ဂျူဗင်တပ်အသင်းဟာ အိမ်ကွင်း အားသာချက် ရှိနေပြီး ချယ်လ်ဆီးအသင်း ကတော့ သူတို့အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချီလီနီက သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဂျော်ဂျင်ဟိုနဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်မှူး လူကာကူတို့ကို ချီးကျူးသွားခဲ့ပြီး ဂျော်ဂျင်ဟိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရသင့်ကြောင်း သူ့ရဲ့အမြင်ကို ယခုလိုပဲ ပြောပြသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ချီလီနီက – “လူကာကူက ထိပ်တန်း ကစားသမား တဦး ဖြစ်ပြီး ကျွန်တော်တို့က သူ့ကို တားဆီးနိုင်အောင် ကြိုးစားရမှာပါ။ ပြီးတော့ သူ့ရဲ့ အရည်အသွေးတွေကို အသုံးပြုခွင့် မရအောင်လည်း လုပ်ရပါလိမ့်မယ်။ ချယ်လ်ဆီးအသင်းက လူကာကူကို ငွေကြေး အမြောက်အမြား ပေးပြီး ခေါ်ယူထားတာပါ။ ဒီတော့ ပွဲထဲမှာ ကျွန်တော်နဲ့ လူကာကူတို့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ အခြား ထိပ်သီး ကစားသမားတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော့် သူငယ်ချင်း ဂျော်ဂျင်ဟို ဆိုရင် ချယ်လ်ဆီးရဲ့ မီးပြတိုက်လို့တောင် ပြောလို့ ရနိုင်ပါတယ်။ ကျွန်တော်ကတော့ ဂျော်ဂျင်ဟို တယောက် ၂၀၂၀ ရာသီရဲ့ ရွှေဘောလုံးဆုကို ရယူသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ တကယ်လို့ သူ မရခဲ့ရင်တောင် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ အီတလီအသင်းထဲက တယောက်ယောက် ဒီဆုကို ရဖို့ မျှော်လင့်မိပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

ချယ်လ်ဆီးအသင်းနဲ့ အီတလီအသင်းတို့ရဲ့ အဓိက ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဆုဖလားနဲ့ ယူရိုဖလားတို့ကို ရယူထားနိုင်တာကြောင့် ရွှေဘောလုံးဆု အတွက် ရေပန်းအစားဆုံး ဘောလုံးသမား သုံးဦးစာရင်းမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီး ၊ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီတို့နဲ့ အပြိုင် ပါဝင်နေသူလည်း ဖြစ်ပါတယ်။