ယခု နွေဈေးကွက် အတွင်းမှာပဲ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ကနေ အမေရိကန်ကလပ် အယ်လ်အေ ဂလက်ဇီထံ ပြောင်းရွှေ့သွားခဲ့တဲ့ ဝါရင့် ခံစစ်မှူး ချီလီနီကတော့ သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းနိုင်ဖို့ ချယ်လ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ရာသီဆက်တိုက် စီးရီးအေ ချန်ပီယံဆုကို လက်လွှတ်ထားရတဲ့ ဂျူဗင်တပ်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ကြီးမားတဲ့ အပြောင်းအလဲ လုပ်ဖို့ ဆုံးဖြတ်ထားပြီး ဒိုင်ဘာလာနဲ့ မိုရာတာတို့လို အသင်းမှာ နှစ်ရှည် ကစားဖူးတဲ့ တိုက်စစ်မှူးတွေကို လက်လွှတ်ခဲ့ကာ ပီအက်စ်ဂျီ ကနေ ထွက်ခွာလာတဲ့ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာကို အလွတ်နဲ့ ခေါ်ယူထားပါတယ်။

Photo Credit: ESPN

ဒါ့အပြင် ဂျူဗင်တပ်က ကွင်းလယ်ပိုင်း အတွက် အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ပေါ့ဘာကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားတာကြောင့် သူတို့အသင်းက တိုက်စစ်ပိုင်း အတွက် နောက်ထပ် ကစားသမားသစ် တဦး ထပ်မံ ခေါ်ယူရုံနဲ့ အရင်လို အင်ပြည့်အားပြည့် လူစာရင်းကို ပြန်လည် ပိုင်ဆိုင်နိုင်မှာပါ။

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်က ချယ်လ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် အသင်းပြောင်းဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးကလည်း သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ်သာ ရောက်လာရင် ပူလီဆစ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: ESPN

ဒါကြောင့်ပဲ ဂျူဗင်တပ်ကနေ အယ်လ်အေ ဂလက်ဇီဆီ ပြောင်းရွှေ့ထားတဲ့ ဝါရင့် ခံစစ်မှူး ချီလီနီက သူ့ရဲ့ အသင်းဟောင်းဟာ ပူလီဆစ်ကို ခေါ်ယူသင့်ကြောင်း ယုံကြည်နေသလို ပူလီဆစ်က တောင်ပံကနေ အတွင်းဘက်ကို ချိုးဝင်ကာ တိုက်စစ်ဆင်တတ်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ဂျူဗင်တပ်ရဲ့ ကစားပုံနဲ့ လိုက်ဖက်မယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

ချီလီနီက – “အရိုးသားဆုံး ပြောရရင် ဂျူဗင်တပ်နဲ့ ပူလီဆစ်တို့ရဲ့ အပြောင်းအရွှေ့ သတင်းကို အခုမှပဲ ကြားဖူးတာပါ။ ဒါပေမယ့် ဂျူဗင်တပ်က ပူလီဆစ်လို တောင်ပံ ကစားသမားမျိုး လိုအပ်နေတယ်လို့ မြင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ ပူလီဆစ်က အရမ်းကို ကောင်းမွန်တဲ့ ကစားသမားပါ။ သူက တောင်ပံကနေ အတွင်းထဲကို ချိုးဝင်ပြီး ကစားတတ်လေ့ ရှိပါတယ်။ ဒါက ကောင်းတဲ့ အချက်ပါ။ အခုချိန်မှာ သူက မကြာခဏ ဒဏ်ရာရလေ့ ရှိပေမယ့် သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို ပြန်မြင်ရမှာ သေချာပါတယ်။ အခု ဒီမာရီယာလည်း ရောက်လာပြီဆိုတော့ ပူလီဆစ်ကိုသာ ထပ်ခေါ်နိုင်ခဲ့ရင် ဂျူဗင်တပ်ရဲ့ တိုက်စစ်ပိုင်းက အရမ်းကို ကောင်းသွားပါလိမ့်မယ်။ သူက တနှစ်ပြီး တနှစ် ပိုပို တိုးတက်လာတဲ့ ကစားသမားပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။