မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်းမှာ ဂိုးတွေမြူးနေပြီး ခြေစွမ်းပြသလျက် ရှိနေတဲ့ ဒိန်းမတ် ဆယ်ကျော်သက် လူငယ်တိုက်စစ်မှူးလေး ချီဒို အိုဘီ မာတင်ဟာ တဖြည်းဖြည်းနဲ့ ယူနိုက်တက် စီနီယာအသင်းကြီးအတွက်ပါ ကစားခွင့် ရလာဖို့ နီးစပ်လာနေပြီပဲ ဖြစ်ပါတယ်။
ဒီနွေမှ အာဆင်နယ် လူငယ်အသင်းကနေ ယူနိုက်တက် လူငယ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ (၁၇)နှစ်အရွယ် တိုက်စစ်ကစားသမားလေး အိုဘီ မာတင်ဟာ အာဆင်နယ် အကယ်ဒမီမှာ ရှိစဉ်ကတည်းက ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူရင်း နာမည်ကြီးလာခဲ့သူဖြစ်ပြီး အခုလည်း အသင်းသစ်မှာ ဂိုးတွေ ဆက်တိုက် သွင်းယူနေပါတယ်။
Photo Credit : The Sun
အရည်အသွေးမြင့် လူငယ် ကစားသမားလေးကို အလွတ်နဲ့ ခေါ်ယူလိုက်နိုင်တဲ့ ယူနိုက်တက်ဟာ အိုဘီ မာတင်ကို ယူနိုက်တက် ယူ-၁၈အသင်းမှာသာ ကစားစေခဲ့ပြီး အခုဆိုရင် အိုဘီ မာတင်ဟာလည်း ယူနိုက်တက် လူငယ်အသင်းအတွက် (၁၂)ပွဲကစား (၁၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းထဲ ကစားခဲ့တဲ့ FA Youth Cup ပွဲစဉ်မှာဆိုရင်လည်း ယူနိုက်တက်က ယူ-၁၈အသင်းက ချယ်လ်ဆီး ယူ-၁၈အသင်းကို (၅)ဂိုး (၁)ဂ်ိုးနဲ့ အပြတ်အသတ် နိုင်ပွဲရခဲ့တဲ့ ပွဲစဉ်အတွင်း အိုဘီ မာတင်က အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့လို့ သူ့ကို စီနီယာအသင်းကြီးမှာ နေရာပေးသင့်ပြီလို့ ပြောဆိုလာကြပါတယ်။
Photo Credit : Utd District
လက်ရှိ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရက်စ်မတ် ဟွိုင်လန်းနဲ့ ဂျိုရှုအာ ဇက်ဇီးတို့က အားကိုးအားထားရတဲ့ အနေအထား ရှိမနေဘဲ ဟွိုင်လန်းဆိုရင် ပွဲပေါင်း(၁၄)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေရသလို ဇက်ဇီးဆိုရင်လည်း (၁၁)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ပြီးမှ လက်စတာနဲ့ပွဲမှာသာ ဂိုးပြန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပြီး အသင်းတိုက်စစ်ပိုင်းက တောင်ပံကစားသမား အာမတ် ဒီယဲလ်လို တစ်ဦးတည်းကိုသာ အားကိုးနေရသလို ဂါနာချိုကလည်း အနာဂတ် မရေမရာ ဖြစ်ခဲ့ပြီး (၁၇)ပွဲထိတောင် ဂိုးမသွင်းထားနိုင်တာမို့ ဒီလို အခြေအနေမှာ လူငယ်အသင်းနဲ့ ခြေစွာနေတဲ့ ကစားသမားလေး အိုဘီ မာတင်ကို ပွဲကစားခွင့်တွေ ပေးသွားဖို့ စတင် စဉ်းစားနေပြီ ဖြစ်ပါတယ်။