ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက စပွန်ဆာ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ နာမည်ကြီး အမေရိကန် ကားကုမ္ပဏီ Chevrolet ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ အီတလီ စီးရီးအေ အင်အားကြီး အသင်းဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုကို သူတို့အသင်းထံ ပြန်လည် ခေါ်ယူရာမှာ အကူအညီ ပေးသွားဖို့ အသင့်ရှိနေကြောင်း အမေရိကန် အခြေစိုက် သတင်းဌာန အများစုရဲ့ ဖော်ပြချက် အရ သိရပါတယ်။ လက်ရှိ အချိန်မှာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျူဗင်တပ် တိုက်စစ်မှူး စီရိုနယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Daily Express

ရိုနယ်ဒိုဟာ လက်ရှိမှာ ဘောလုံး ကစားသမား တစ်ဦးအတွက် နောက်ဆုံး ကာလ အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူ ထားနိုင်ခဲ့ပြီး ၁ဂိုး ဖန်တီး ပေးထားပါတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ် အသင်းရဲ့ အဓိက ဂိုးသွင်းစက် တစ်လုံး ဖြစ်နေပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် အနည်းငယ် ကျပ်တည်းလာတဲ့ ဂျူဗင်တပ် အသင်းရဲ့ ဘဏ္ဏာရေး အနေအထားကြောင့် ဂျူဗင်တပ် အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ရိုနယ်ဒိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းချချင် နေပါတယ်။ လက်ရှိမှာတော့ လုပ်ခလစာ ကြီးမြင့်တဲ့ ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့် အသင်းဟာ အနည်းငယ် သာ ရှိပြီး အဆိုပါ အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းလည်း ပါဝင် နေပါတယ်။

Photo Credit: Daily Express

မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ Chevrolet ကုမ္ပဏီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရိုနယ်ဒို ပြန်ရောက်လာကာ သူတို့ကုမ္ပဏီရဲ့ အမှတ်တံဆိပ် ကို မြှင့်တင်ပေးနိုင်မယ့် အခြေအနေကို လိုချင်နေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ ရိုနယ်ဒိုကို ခေါ်ယူရာမှာ ပေးချေရမယ့် လုပ်ခလစာကိုပါ သူတို့ဘက်က စိုက်ထုတ်ပေးဖွယ် ရှိကြောင်း သိရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ Chevrolet ကုမ္ပဏီဟာ ရိုနယ်ဒိုရဲ့ တစ်ပတ်လုပ်ခ ပေါင် ၅သိန်း ဆိုတဲ့ ပမာဏကို ပေးချေပေးဖို့ အသင့်ရှိနေပြီး သူတို့အသင်းရဲ့ မိတ်ဖက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကိုလည်း ရိုနယ်ဒိုအား ပြန်လည် ခေါ်ယူဖို့ တိုက်တွန်း ထားကြောင်း သိရှိ ထားရပါတယ်။ စီးပွားရေးလောကမှာ မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်လေ့ဖြစ်ထ ရှိတာကြောင့် ရိုနယ်ဒိုသာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်လည် ပြောင်းရွှေ့လာပါက အဆိုပါ ကိစ္စဟာ စိုးရိမ်စရာ ကိစ္စတစ်ခု မဟုတ်ဘူးလို့ သုံးသပ် လိုက်ပါရစေ…။