ဒီနေ့တနင်းလာနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ရဲ့ လက်ကျန်ပွဲ(၂)ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီး ဒီပွဲတွေနဲ့အတူ ည(၂)နာရီအချိန်မှာ ချယ်လ်ဆီးယူ-၁၈အသင်းနဲ့ မန်စီးတီးယူ-၁၈အသင်းတို့ရဲ့ FA Youth Cup ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကိုပါ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ကို Skynet ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ပြသသွားမှာဖြစ်ပြီး ပြိုင်ပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့ကိုလည်း MySport Myanmar ပရိသတ်တွေအတွက် အသေးစိတ်တင်ဆက်ပေးချင်ပါတယ်။

Photo Credit : The Atheltic

၁၉၅၂ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ FA Youth Cup ပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်လူငယ်အသင်းက ဆုဖလား(၁၀)ကြိမ်အထိ ရယူနိုင်ခဲ့ကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသလို ယူနိုက်တက်အသင်းရဲ့အောက် ဒုတိယနေရာမှာ ချယ်လ်ဆီးလူငယ်အသင်းက ဆုဖလား(၉)ကြိမ်နဲ့ ရပ်တည်နေကာ ဒီနေ့ညမှာသာ ထပ်မံဗိုလ်စွဲနိုင်မယ်ဆိုရင်တော့ ယူနိုက်တက်နဲ့အတူ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ပူးတွဲရပ်တည်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ၂၀၁ဝခုနှစ်နောက်ပိုင်းကတည်းက အက်အေလူငယ်ဖလားကို (၅)ကြိမ်ထိ ဆွတ်ခူးထားခဲ့ပါသေးတယ်။

Photo Credit : Manchester Evening News

ဒီနေ့ပွဲစဉ်အတွက် စိတ်ဝင်စားစရာဖြစ်နေမယ့် အချက်တစ်ခုကတော့ ဒီအသင်း(၂)သင်းရဲ့ ထိပ်တိုက်တွွေ့ဆုံမှုပါ။ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ အက်အေလူငယ်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာ (၄)ကြိမ်ထိကို တွေ့ဆုံခဲ့ဖူးပြီး ချယ်လ်ဆီးက (၃)ကြိမ်ထိကို ဆက်တိုက်အနိုင်ရထားခဲ့ပါတယ်။ အက်အေလူငယ်ဖလားပြိုင်ပွဲမှာ ဆုဖလား(၂)ကြိမ်ပဲ ရယူနိုင်ခဲ့ဖူးတဲ့ မန်စီးတီးအသင်းဟာ ၂ဝဝရခုနှစ်ကသာ FA Youth Cup ကို နောက်ဆုံးအကြိမ်နဲ့ ပိုင်ဆိုင်ခဲ့ဖူးတာဖြစ်ပြီး ၂၀၁၄ခုနှစ်နောက်ပိုင်းကတည်းက ဖိုင်နယ်ကို (၄)ကြိမ်ထိ တတ်ရောက်ခဲ့ဖူးပေမယ့် ဒုတိယနေရာနဲ့သာပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အသင်းရဲ့သမိုင်းတလျှောက် ဖိုင်နယ်အဆင့်ကို (၁၀)ကြိမ်ထိ တတ်လှမ်းထားနိုင်ခဲ့ပေမယ့် ဖိုင်နယ်မှာ အရေးနိမ့်ခဲ့ရလို့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အကြိမ်ရေက (၈)ကြိမ်ထိ ရှိထားခဲ့လို့ မန်စီးတီးလူငယ်အသင်းအနေနဲ့ ဒီတစ်ကြိမ်မှာရော သူတို့ရဲ့အစဉ်အလာဆိုးကို ချိုးဖျက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါ့အပြင် သူတို့ကို (၃)ရာသီဆက်တိုက် ဖိုင်နယ်မှာ အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးလူငယ်အသင်းကိုရော ပြန်လည်ကလဲ့စားချေနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒါမှမဟုတ် ချယ်လ်ဆီးကပဲ မန်စီးတီးကို ထပ်မံအနိုင်ယူပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ယူနိုက်တက်အသင်းနဲ့အတူ ပိုင်ဆိုင်နိုင်မလားဆိုတာ ဒီနေ့ညမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာပါ။