ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ ချယ်လ်ဆီးအသင်းဟာ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာကို သူရဲ့စာချုပ်လျော်ကြေးပမာဏဖြစ်တဲ့ ပေါင်(၅၄)သန်းနဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဆိုပြီး သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ရပေမယ့် ဒီသတင်းတွေကိုတော့ လိုက်ပ်ဇစ်အသင်းဘက်ကနေ ငြင်းဆိုမှုတွေ ပြုလုပ်သွားခဲ့ကာ သူတို့အသင်းရဲ့ကြယ်ပွင့်ကစားသမားကို ရောင်းချဖို့ ချယ်လ်ဆီးနဲ့လိုက်ပ်ဇစ်အသင်းကြား ဘာမှအထမမြောက်သေးဘူးလို့ပဲ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sport

ဝါနာရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လိုက်ပ်ဇစ်အသင်းရဲ့ မန်နေးဂျင်းဒါရိုက်တာ အိုလီဗာမင့်ဇလပ်က “ ကျွန်တော်တို့နဲ့ ချယ်လ်ဆီးအသင်းနဲ့ ဘာအပြောင်းအရွှေ့ကိစ္စကိုမှ လုပ်ဆောင်ရခြင်း မရှိသေးပါဘူး။ ကျွန်တော်တို့ဘက်ကနေလည်း ဝါနာနဲ့ပတ်သက်ပြီး ဘာကိုမှ သတင်းထုတ်ပြန်စရာ မရှိသလို ဒါတွေကလည်း နေ့စဉ်နေ့တိုင်း ထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းသက်သက်ပါပဲ။ တီမိုကလည်း အာဘီလိုက်ပ်ဇစ်အသင်းရဲ့ ကစားသမားတစ်ယောက် ဖြစ်နေဆဲပါပဲ။ လက်ရှိမှာတော့ သူလည်း အပြောင်းအရွှေ့ကိစ္စတွေနဲ့ အနည်းငယ်ရှုပ်ထွေးနေတယ်ဆိုပေမယ့် ဘာမှတော့ အထမမြောက်သေးပါဘူး”

Photo Credit : The Sun

“အခုတော့ ကျွန်တော်အားလုံးက ရာသီသိမ်းရင် အကောင်းဆုံးအဆင့်တစ်ခုကို ရယူနိုင်ဖို့ကိုပဲ အာရုံထားလို့နေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ရဖို့က ကျွန်တော်တို့အသင်းရဲ့ အကြီးမားဆုံး ရည်မှန်းချက်ပါပဲ။ လတ်တလော တီမိုနဲ့ ကျွန်တော်တို့ ဆွေးနွေးဖြစ်နေတဲ့ တစ်ခုတည်းသော အကြောင်းအရာပါပဲ။ နောက်ပြီး သူ့လို ကစားသမားမျိုးကို စာချုပ်သက်တမ်းတိုးဖို့ဆိုတာကလည်း ကျွန်တော်တို့အသင်းအတွက် အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ နွေတုန်းကဆိုရင်လည်း ကျွန်တော်တို့ ကြိုးစားခဲ့ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းကနေ ဘယ်ကစားသမားကိုမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှံးလိုတာကြောင့်ပါ။ သူနဲ့ကျွန်တော်တို့ကြားမှာ စာချုပ်လျော်ကြေး လုပ်ဆောင်ထားတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် တီမိုအနေနဲ့ သူ့လျော်ကြေးအကြောင်းကို ဘာမှမပြောသေးသလို ဘယ်အသင်းကမှလည်း သူရဲ့စာချုပ်လျော်ကြေးအတိုင်း ကမ်းလှမ်းတယ်ဆိုတာလည်း မရှိသေးပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။